ဥရောပသမဂ္ဂက လွှတ်တော်ကို ယူရို ၃ သန်း ကူညီမည်
နေဖြိုးဝင်း
·
December 4, 2019
အများပြည်သူဆိုင်ရာ ငွေကြေးသုံးစွဲမှုမှာ လွှတ်တော်ကြီးကြပ်မှု ပိုမိုအားကောင်းလာစေဖို့ အတွက် ဥရောပသမဂ္ဂ (အီးယူ) ယူရို ၃ သန်း (ကျပ် ၄ ဒသမ ၉ ဘီလီယံ) ကူ ညီသွားမှာဖြစ်ပါတယ်။
အခုလို ကူညီမယ့် အစီစဉ်ဖြစ်တဲ့ SHWEBO စီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃ ရက်နေ့က နေပြည်တော်ရှိ Park Royal ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီစီမံကိန်းဟာ လာမယ့် ၄ နှစ်အတွင်း မြန်မာနိုင်ငံရှိ ဥပဒေပြုသူတွေက ပြည်သူလူထုဆိုင်ရာ ငွေကြေးသုံးစွဲမှုအပေါ် ကြီးကြပ်မှု ပိုမိုအားကောင်းလာစေဖို့ ယူရို ၃ သန်း သုံးစွဲပြီး ကူညီ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
"ဒါကြောင့် SHWEBO စီမံကိန်းကတဆင့် အီးယူအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်ထောင်စု အဆင့်၊ နောက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် လွှတ်တော်တွေမှာရှိတဲ့ ကိုယ်စားလှယ်တွေ အပါအဝင် ပြည်သူ့စာရင်းအင်းကော်မတီအဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေး ပြီးတော့ ပြည်သူ့ဘဏ္ဍာငွေခွဲဝေသုံးစွဲတဲ့နေရာမှာ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်ပြီးတော့ ပြည်သူ့ဝန်ဆောင်မှုတွေကို ထိရောက်အောင်ပေးနိုင်ဖို့ ဒီ SHWEBO စီမံကိန်းကနေ တဆင့်ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်" လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က ဆိုပါတယ်။
ဒီစီမံကိန်းရဲ့ အစီအစဉ်တွေထဲမှာ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကနေ တာဝန်ယူ ဆောင်ရွက်နေတဲ့ ပြည်ထောင်စုဘက်ဂျက်တစ်ခုလုံးရဲ့ Oversight(ကြီးကြပ်ရေး)လုပ်ငန်းတွေကို ပိုမိုထက်မြက်ထိရောက်လာအောင် အတွေ့အကြုံတွေ ဖလှယ်တာ၊ လေ့လာတာ၊ ကိုယ်စားလှယ် တွေ၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေ မြှင့်တင်ပေးတာ စတာတွေပါတယ်လို့ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ (၁)ဖြစ်သူ ဦးအောင်မင်းက ပြောပါ တယ်။
ကော်မတီအနေနဲ့လည်း အစိုးရရဲ့မူဝါဒတွေဟာ ပြည်သူတွေလိုအပ်တဲ့ ရောက်သင့် ရောက်ထိုက်တဲ့ အမြင့်ဆုံးအခြေအနေကို ရောက်မရောက် ခွဲခြမ်းစိတ်ဖြာဖို့ ကော်မတီရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
"ဒီလို ကျနော်တို့ရဲ့ လွှတ်တော်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ကြိုးစားနေတာဟာ အမှား ရှာဖို့၊ အပြစ်တင် ဖို့ မဟုတ်ပါဘူး။ ဒီလိုလုပ်တာဟာ အစိုးရနဲ့ လွှတ်တော်နဲ့ ကြားမှာ အပြန်အလှန် ထိန်းညှိတဲ့ လုပ်ငန်းစဉ်နဲ့ ဘတ်ဂျက်ဆိုင်ရာ ပွင့်လင်းမြင်သာမှုတွေ ပိုပြီး ဖွံ့ဖြိုးတိုးတက်စေပြီးတော့ အဲဒီကမှတဆင့် ပြည်သူတွေအတွက် အကောင်းဆုံးအကျိုးရလဒ်တွေကို ဖော်ဆောင်ပေးနိုင်ဖို့ ဖြစ်ပါတယ်" လို့ ဦးအောင်မင်းက ပြောပါတယ်။
ဒီလို Oversight စွမ်းရည်မြှင့်တင်ပေးခြင်းအားဖြင့် လွှတ်တော်နဲ့ အစိုးရရဲ့ အပြန်အလှန် ထိန်းကျောင်းတဲ့ လုပ်ငန်းစဉ်တွေကိုလည်း အထောက်အကူပြုမှာဖြစ်သလို ပြည်သူတွေအတွက် သုံးစွဲတဲ့ ပြည်သူ့ရင်းနှီးငွေစီမံခန့်ခွဲ ရေးအပိုင်းတွေကိုလည်း မြှင့်တင်ပေးရာရောက်မှာဖြစ်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုပါတယ်။
"တနည်းအားဖြင့် ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ပိုမိုပြီး ဖော်ဆောင် ပေးနိုင်မယ့် အစီအစဉ်တွေဖြစ်ပါတယ်။ အစိုးရရဲ့ မူဝါဒနဲ့ ရည်မှန်းချက်တွေ ပိုမိုအောင်မြင် ကူညီ ပေးရာ ရောက်ပါတယ်။ နိုင်ငံတော်ကနေ ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်တွေကို နှစ်စဉ် တိုးမြှင့်သွားမှာဖြစ်ပြီး တစ်ဖက်ကလည်း အခြေခံ အဆောက်အအုံတွေ လုံလောက်အောင် လိုငွေပြနေတဲ့ကြားထဲကနေ ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ဒီ SHWEBO စီမံကိန်းဟာ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု စွမ်းရည်တွေကို မြှင့်တင်နိုင်မယ့် စီမံကိန်းဖြစ်ပါတယ်"လို့ ဦးမောင်မောင်ဝင်းက ပြောပါတယ်။
SHWEBO စီမံကိန်းဟာ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံပညာရေးထောက်ပံ့ပေးထားတဲ့ ယူရို ၂၂၁ သန်းရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။