ဖွဲ့စည်းပုံပြင်ဆင်ရေး လက်ရှိလွှတ်တော်သက်တမ်းအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်
နေဖြိုးဝင်း
·
December 3, 2019
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့လုပ်ငန်းတွေကို လက်ရှိလွှတ်တော်သက်တမ်းအတွင်းမှာပဲ ပြီးအောင် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့အပေါ် ဆွေးနွေးမှု တချို့နဲ့ပတ်သက်လို့ နာယကရဲ့ တာဝန်ရှိမှုအပိုင်းကနေ လွှတ်တော်ကို အသိပေးပြောကြားတာမှာ အခုလို ပြောတာပါ။
ပြင်ဆင်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ကတည်းက ဒီသက်တမ်းအတွင်း ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတစ်ခုအနေနဲ့ လက်ခံ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း ဦးတီခွန်မြတ်က ပြောပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဆက်လက်ဆွေးနွေးမယ့်အစီအစဉ်တွေမှာ အစည်းအဝေးအတွင်း လိုက်နာရမယ့် စည်းကမ်းတွေကို အလေးထားဖို့လည်း လိုတယ်လို့ နာယကက သတိပေးခဲ့ပါတယ်။
ဒီကနေ့ အစည်းအဝေးမှာလည်း ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဗိုလ်မှူးချုပ်အောင်စန်းချစ်အပါအဝင် ကိုယ်စားလှယ် ၁၄၄ ဦးတင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဆွေးနွေးကြတာမှာ သတ်မှတ်စည်းကမ်းတွေနဲ့ ညီညွတ်မှုမရှိတဲ့ ဆွေးနွေး ချက်တွေကို မှတ်တမ်းကနေ ပယ်ဖျက်သွားမယ်လို့ ဒုတိယအကြိမ် အသိပေးတင်ပြခဲ့ပါတယ်။