Home
မြန်မာသတင်း
လက်ရှိဘဏ္ဍာနှစ်တွင်  အခွန်ငွေ ကျပ်သန်းပေါင်း ၅ သိန်းခွဲခန့်ကောက်ခံရရှိထား
ပိုင်စိုး
·
December 3, 2019
အခုဘဏ္ဍာနှစ်မှာ  အခွန်ငွေ ကျပ်သန်းပေါင်း ၅ သိန်းခွဲလောက် ကောက်ခံရရှိထားပြီလို့ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ပုဂ္ဂလိကကဏ္ဍက ကျပ်သန်းပေါင်း ၄၇၀,၀၀၀ ကျော်  (၄၇၅ ဒသမ ၆ ဘီလီယံ)နဲ့ အများဆုံး ကောက်ခံရရှိထားတာဖြစ်ပြီး နိုင်ငံပိုင်ကဏ္ဍက ကျပ်သန်းပေါင်း ၆၇,၀၀၀ ကျော်၊ သမဝါယမကဏ္ဍက ကျပ် ၁၇၁ သန်းရထားတာပါ။ ဒါဟာ ဘဏ္ဍာနှစ်တနှစ်လုံး ၂၀၁၉ ခုနှစ် အောက်တိုဘာကနေ ၂၀၂၀ စက်တင်ဘာလ အထိ လျာထားတာရဲ့ ၁၀ ပုံတပုံလောက်ကို ကောက်ခံရလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အခွန်တမျိုးချင်းအလိုက်ဆိုရင်တော့ ဝင်ငွေခွန်က အများဆုံးဖြစ်ပြီး ကျပ်သန်းပေါင်း ၂၈၀,၀၀၀ ကျော် (၂၈၈ ဒသမ ၀၉ ဘီလီယံ) ရထားတာပါ။ ဆေးလိပ်၊ အရက်၊ သစ်၊ ကား၊ စက်သုံးဆီ စတာတွေအပေါ်ကောက်ခံတဲ့ အထူးကုန်စည်ခွန်က ကျပ်သန်းပေါင်း ၁၃၀,၀၀၀ လောက် (၁၂၉ ဒသမ ၄ ဘီလီယံ) ရထားပြီး ကုန်သွယ်လုပ်ငန်းခွန်က ကျပ်သန်းပေါင်း တသိန်းကျော်၊ အောင်ဘာလေသိန်းဆုခွန်က ကျပ်သန်းပေါင်း ၁၂,၈၀၀ ကျော်၊ တံဆိပ်ခေါင်းခွန်က ကျပ်သန်းပေါင်း ၅,၂၀၀ ကျော်၊ ရတနာခွန်က ကျပ်သန်း ၃၅၀ ကျော် ကောက်ယူရရှိထားပါတယ်။ မနှစ်ကတနှစ်လုံးမှာတော့ စုစုပေါင်းအခွန်ငွေ ကျပ်သန်းပေါင်း ၆၇ သိန်းကျော်ကောက်ခံ ရရှိခဲ့ပြီး ဝင်ငွေခွန်က ကျပ်သန်းပေါင်း ၂၈ သိန်းကျော်၊ ကုန်သွယ်လုပ်ငန်းခွန်က ကျပ်သန်းပေါင်း ၂၂ သိန်းကျော် ရရှိခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024