မြောက်ဦးမြို့အတွင်း လက်နက်ကြီးကျ ကလေးငယ် ၂ ဦးသေ၊ ၆ ဦး အခြေအနေစိုးရိမ်ရ
ဝဏ္ဏခွာညို
·
December 2, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အတွင်း အလယ်စျေးရပ်ကွက်မှာ လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားကလေးငယ် နှစ်ယောက်သေဆုံးခဲ့ပြီး ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိကာ အခြေအနေစိုးရိမ်ရတယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကိုပြောပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က မြောက်ဦးအလယ်ဈေးရပ်ကွက် ချင်းပျံစုမှာ လက်နက်ကြီးကျည်တလုံး ကျရောက် ပေါက်ကွဲခဲ့လို့ အဲ့ဒီရပ်ကွက်နေ ကလေးနှစ်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ မိန်းမလေးရဲ့အစ်ကိုဖြစ်သူ ကိုညီချေက “လက်နက်ကြီးကျလို့ သေဆုံးတဲ့ နှစ်ယောက်ထဲမှာ ကျနော်ညီမအရင်း တယောက်ပါတယ်။ သူက မျက်လုံးမှာပိုးဝင်သွားလို့ အခြားနေ အိမ်တအိမ်သွားနေတဲ့အချိန်မှာ လက်နက်ကြီးကျတာ။ အဲ့ဒီမှာလက်နက်ကြီး ကျည်ကျတယ်။ နှစ်ယောက်သေတယ်။ ၆ ယောက်ပြင်း ထန်ဒဏ်ရာရတာ။ အဲ့ဒီမှာ အကုန် စိုးရိမ်ရတယ်။”လို့ ပြောပါတယ်။
သေဆုံးသွားသူတွေကတော့ မောင်နေမင်းထက်အသက် ၄ နှစ်၊ အမည်မသိရသေးတဲ့ ၁ နှစ်ကလေးငယ် တဦးတို့ဖြစ်ပြီး အခြေအနေစိုးရိမ်ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ နောက်ထပ် အမျိုးသမီးသုံးဦး အပါအဝင်အမျိုးသားနှစ်ယောက်ဟာ ပြင်းထန်ဒဏ်ရာရှိပါတယ်။
ဒဏ်ရာရသူတွေဟာ မြောက်ဦးပြည်သူဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေပြီး သေဆုံးသွားတဲ့ ကလေးနှစ်ယောက်ကိုတော့ ခွဲစိတ်ရုံမှာထားထားတယ်လို့ သေဆုံးသွားသူရဲ့မိသားစုကပြောပါတယ်။
မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ ဒဏ်ရာရရှိထားတဲ့ ၆ ယောက်ကလည်း အခြေအနေ စိုးရိမ်ရတယ်လို့ ပြောပါတယ်။
အဲ့ဒီလက်နက်ကြီးကျည်က မြောက်ဦး ၅၄၀ တပ်ရင်းကပစ်ခတ်လိုက်တာလို့ မိသားစုဝင်တွေ ပြောဆိုထားပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးမြန်းရာမှာတော့ ဖုန်းကိုင်ခြင်း မရှိပါဘူး။