Home
မြန်မာသတင်း
မြောက်ဦးတွင် လက်နက်ကြီးကျပြီး မြိုတိုင်းရင်းသား ၃ ဦးဒဏ်ရာရ
ဝဏ္ဏခွာညို
·
December 2, 2019
78883357_932757097080298_5304905220449370112_n
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းဖျား ရန်အောင်ပြင်ကျေးရွာအုပ်စု ငန်းလိပ်ရွာကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ကျေးရွာသား ၃ ယောက် ဒဏ်ရာရပြီး မြောက်ဦးဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ ဒီဇင်ဘာ ၂ ရက် နေ့လယ် ၁ နာရီလောက်က ငန်းလိပ်ကျေးရွာတောင်တန်းအနားတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပြီး ကျေးရွာ အနီးအနားကပစ်လိုက်တဲ့ လက်နက်ကျည်တလုံးက ရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်အတွင်းနေထိုင်ကြတဲ့ မိသားဝင် ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ ဒဏ်ရာရအမျိုးသမီးရဲ့ခင်ပွန်း ကိုဇော်ဝင်းက “အိမ်ခြံဝန်း ကို လက်နက်ကြီးကျတာဗျ၊ ကျနော်မိန်းမရယ်၊ ကျနော့်အစ်မသမီးရယ်။ ပြီးတော့ တူမယောကျ်ားတို့ သုံးယောက်လက်နက်ကြီး ကျည်ကျလို့ဒဏ်ရာရသွားတယ်။ လက်မောင်းတွေမှာဒဏ် ရာရသွားတာပါ။ အခြေအနေက သိပ်မစိုးရိမ်ရဘူးလို့ ဆရာဝန်ကပြောတယ်။ အခုတော့ ကျနော်တို့ အခြေအနေ စောင့်ကြည့်နေရပါတယ်။”လို့ ပြောပါတယ်။ လက်နက်ကြီးကျလို့ဒဏ်ရာရရှိသွားတဲ့ ငန်းလိပ်ကျေးရွာကကျေးရွာသားသုံးဦးကို မြောက်ဦး ပြည်သူ့ဆေးရုံးမှာ ဆေးကုသမှုခံယူ နေရပါတယ်။ ရန်အောင်ပြင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ”တိုက်ပွဲက မနေ့ကကတည်းက ဖြစ်နေတာ။ ပြင်းပြင်ထန်ထန်ဖြစ်နေတာ။ ဒီကနေ့ မနက်ပိုင်းကလည်း တိုက်တယ်။ အခုလည်းပဲ ဖြစ်နေကြတာ။ ဒီကနေ့ နေ့လယ်ပိုင်းတိုက်ပွဲမှာ ဘယ်ဘက်က ပစ်လိုက်မှန်းမသိတဲ့ လက်နက်ကြီးတလုံး အိမ်ခြံဝန်းထဲကျလာတာ။ အဲ့ဒီမှာ အိမ်အောက်မှာထိုင်နေကြတဲ့ မိသားစုဝင် ၃ ယောက်ဒဏ်ရာရ သွားတယ်။”လို့ ပြောပါတယ်။ ဒဏ်ရာရရှိသူတွေဟာ ငန်းလိပ်ကျေးရွာ(မြိုတိုင်းရင်းသားကျေးရွာ)က မစန္ဒာဝင်းအသက် ၂၂ နှစ်မှာ လည်ကုတ်မှာ ဒဏ်ရာရရှိခဲ့ပြီး မောင်ဦးဘသန်းအသက် ၁၈ နှစ်က လက်မောင်း ဒဏ်ရာနဲ့ နန္ဒာမိုးအသက် ၁၃ နှစ်မှာလက်နဲ့ ခါးမှာ ဒဏ်ရာရ ရှိခဲ့တယ်လို့ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းစိန်က ဒီဗွီဘီကိုပြောပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်(လျှာရှည်ပြင်) ကျေးရွာကို တပ်မတော်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ မိသားစုဝင် ၅ ယောက်ဒဏ်ရရှိခဲ့ပြီး ၂ ယောက် အခြေအနေ စိုးရိမ်နေရတယ်လို့ ဒဏ်ရာရသူရဲ့ ဖခင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024