ဘုရားသုံးဆူတွင်ပစ်ခတ်မှုဖြစ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး
နော်နိုရင်း
·
December 2, 2019
ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းရွာအနီးတဝိုက်မှာ မနေ့ည သန်းခေါင်ကျော်နဲ့ ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသွားပါတယ်။
အဆိုပါဒေသတဝိုက်မှာ ကရင်နယ်ခြားစောင့်တပ်၊ မြန်မာ့တပ်မတော်တပ်နဲ့ မွန်ပြည်သစ် ပါတီတပ်တို့ လှုပ်ရှားနေတဲ့နေရာဖြစ်ပြီး ဒီပစ်ခတ်မှုမှာ ကရင်နယ်ခြားစောင့်တပ်နဲ့ မြန်မာ့ တပ်မတော်တို့အကြားမှားယွင်းပစ်ခတ်မှုဖြစ်ပွားတာလို့ မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်အုပ်ချုပ်ရေး ဒေသ ဒုတိယအဖွဲ့ခေါင်းဆောင် ဒုဗိုလ်မှူးကြီး M စိုက်ချမ်းက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့အတိအကျပြောမယ်ဆိုရင်တော့ ဒီ ၁ ရက်နေ့ ည ၁၂ နာရီကျော်ကျော်မှာတော့ ပစ်ခတ်မှု မိနစ် ၂၀ လောက်တော့ဖြစ်တယ်။ အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ ကျနော်တို့တပ်တွေတော့ ကျနော်တို့နေတဲ့နေရာမှာပဲ ရှိနေတာ။ ဘာမှလည်း ပါဝင်ပတ်သက်မှုမရှိဘူး။ ”
ဘုရားသုံးဆူသတင်းပေါင်းစုံရဲ့လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြချက်အရ မနေ့ည သန်းခေါင်ကျော်ပစ်ခတ်မှုကြောင့် BGF ဗိုလ်ရန်ရှင်းအဖွဲ့မှ တပ်ဖွဲ့ဝင် တဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီမနက်ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးပေမယ့် ဒေသတွင်းနေထိုင်တဲ့ပြည်သူတွေ ပိုပြီး ဖရိုဖရဲဖြစ်ကြရတယ်လို့ ဒုတိယဗိုလ်မှူးကြီး M စိုက်ချမ်းကပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နယ်ခြားစောင့်တပ်နဲ့ မြန်မာ့တပ်မတော်ဘက်ကို ဆက်သွယ်လို့မရသေးပါဘူး။
ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းအနီးမှာ နိုဝင်ဘာ ၂၇ ရက်မနက်က မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကို ရာနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီး ထိုင်း-မြန် မာနယ်စပ် ဘုရားသုံးဆူဂိတ်ကို ပိတ်ထားခဲ့ရတယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းမှာ ရေးသားခဲ့ပါတယ်။