နိုင်ငံတဝန်းသွေးလွန်တုပ်ကွေးရောဂါဖြင့် တနှစ်တွင်း လူ ၁၂၀ ကျော်သေဆုံး
ပိုင်စိုး
·
December 2, 2019

မြန်မာနိုင်ငံတဝန်းမှာ ဇန်နဝါရီလဆန်းကနေ နိုဝင်ဘာနောက်ဆုံးပတ်အထိ သွေးလွန်တုပ်ကွေး ဖြစ်သူ ၂ သောင်းခွဲလောက်ရှိပြီး ၁၂၀ ကျော်သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်အထိ လူပေါင်း ၂၃,၂၀၃ ယောက် သွေးလွန်တုပ်ကွေးဖြစ်ပြီး ၁၂၃ ယောက်သေဆုံးခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂ လအတွင်း ဖြစ်ပွားသူ ၅၀၀၀ လောက် ထပ်တိုးလာခဲ့ တာပါ။
သွေးလွန်တုပ်ကွေးရောဂါ အဖြစ်အများဆုံးကတော့ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ ၄,၂၂၂ ယောက်ဖြစ်ပြီး သေဆုံးသူ အယောက် ၃၀၊ ရန်ကုန်တိုင်းမှာ ၂,၈၀၄ ယောက် ဖြစ်ပြီး သေဆုံးသူ ၃၃ ယောက်ရှိပါတယ်။
သွေးလွန်တုပ်ကွေးဟာ အရင်က အသက် ၁၅ နှစ်အောက်တွေမှာ အဖြစ်များပေမယ့် ခုတော့ အသက်အရွယ်မရွေးဖြစ်နေပြီး အေဒီးစ်ခြင်ကျားကိုက်ခံရတာကြောင့် ဖြစ်ပါတယ်။
ဒီရောဂါဟာ မိုးရာသီမှာ အဖြစ်များပေမယ့် တချို့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တနှစ်ပတ်လုံး ဖြစ်တတ်ပါတယ်။ အခုဖြစ်တာမှာတော့ အသက် ၅ နှစ်ကနေ ၉ နှစ်အရွယ် ကလေးတွေမှာ အဖြစ်များနေပြီး ဖြစ်ပွားသူစုစုပေါင်းရဲ့ ထက်ဝက်လောက်ရှိနေပါတယ်။
ပြီးတော့ သွေးလွန်တုပ်ကွေးဟာ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးလက္ခဏာ တွေနဲ့ မကွာခြားလို့ ဂရုစိုက်ဖို့လိုတယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။
စိုးရိမ်ရတဲ့ လက္ခဏာတွေကတော့ ၂ ရက်ကနေ ၇ ရက်လောက်အထိဖျားပြီး ဂနာမငြိမ် ဖြစ်တာ၊ မှိန်းတာ၊ ခြေလက် အေးစက်တာ၊ အစာ/ရေ မဝင်လောက်အောင် အန်တာ၊ ကော်ဖီရောင်အရည် အန်တာ၊ ဝမ်းမည်းမည်းသွားတာ၊ ကိုယ်ပူချိန်ရုတ်တရက်ကျသွားတာတွေဖြစ်ပြီး ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားဖို့ တိုက်တွန်းထားပါတယ်။ ရောဂါကို ကာကွယ်နိုင်ဖို့ အတွက်ကတော့ ခြင်မကိုက်အောင် နေဖို့နဲ့ ခြင်ကိုနှိမ်နင်းဖို့ လိုပါတယ်။
၂၀၁၈ ခုနှစ်တုန်းကတော့ သွေးလွန်တုပ်ကွေးကြောင့် တနိုင်ငံလုံးမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။