DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ ရေတာရှည်မြို့ရောက်ရှိ
DVB
·
January 30, 2013
Donate to DVB

ရန်ကုန်ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက်သူတွေဟာ  ဒီမနက် တောင်ငူမြို့ကနေ ရေတာရှည်မြို့ကို ရောက်ရှိလာပြီး ဒေသခံရဲနဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက မြို့အ၀င်မှာ ဆွေးနွေးမေးမြန်းမှုတွေ ခဏပြုလုပ်ခဲ့ကြောင်း ဆန္ဒပြလမ်းလျှောက်သူတဦးဖြစ်တဲ့ ကိုအောင်အောင်က ပြောပါတယ်။

“အခု ရေတာရှည်မြို့ မုခ်ဦးအ၀ကို စ၀င်တာပေါ့။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေလည်း ပါတယ်။ ထောက်လှမ်းရေးတွေလည်း ပါတယ်။ သူတို့အင်အားက အယောက် ၃၀ လောက်ပါတယ်။ ကျနော်တို့ဆီက အဖွဲ့သား ၄-၅ ယောက်ကို ကြိုးနဲ့ဝိုင်းတားပြီး ဘယ်သူမှ မ၀င်ခိုင်းဘူး။ ကျနော်တို့ တန်းစီပြီး အပြင်မှာ ရပ်စောင့်နေတယ်။ ကျနော်တို့ အဆင်ပြေသွားပြီဆိုမှ စထွက်တယ်၊ ဆက်လျှောက်နေပါတယ်။ ကမ္ဘမကြေနိုင်ငံတော်သီချင်းကို ဘာလို့ဆိုလဲဆိုတော့ လူငယ်တွေ ဆက်သွားဖို့ အားပေးတဲ့အနေနဲ့ ဆိုတာပါ။”

လမ်းလျှောက်သူတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးနောက် အာဏာပိုင်တွေက မြို့နယ်ထဲမှာ ငြိမ်းချမ်းစွာ ဆက်လက်ဖြတ်သန်းခွင့် ပေးခဲ့တယ်လို့ လမ်းလျှောက်ရာမှာ ဦးဆောင်ပါဝင်သူ တဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“ခါတိုင်းလိုပဲ မြို့တွေမှာ အ၀င်အထွက်လက်မှတ်ထိုးရတဲ့ သဘောပါပဲ။ မြို့နယ်တွေဖြတ်သန်းသွားလာတဲ့အခါ အရင်မြို့နယ်တွေလို တရားမဟောရဘူး။ အလံမကိုင်ရဘူး။ စာရွက်စာတမ်းမဝေရဘူး အဲအချက်တွေပါပဲ။ အခု ရေတာရှည်မြို့ထဲရောက်သွားပြီ။”

ငြိမ်းချမ်းရေး ခရီးရှည်လမ်းလျှောက်သူတွေဟာ ပြီးခဲ့တဲ့  ဇန်န၀ါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမကနေ စတင်ပြီး စစ်ဖြစ်နေတဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ မိုင် ၈၀၀ ကျော်ခရီးကို ခရီးရှည်လမ်းလျှောက်နေကြတာ ဖြစ်ပါတယ်။

တောင်ငူမြို့မှာ လမ်းလျှောက်သူ   ၁၀ ဦးလောက် ထပ်မံပူးပေါင်း ပါဝင်ခဲ့ကြတဲ့အတွက်  လတ်တလော ငြိမ်းချမ်းရေး လမ်းလျှောက်သူပေါင်း သံဃာတော်တွေအပါအ၀င် အမျိုးသမီးနဲ့ အမျိုးသား အင်အား ၆၀ ကျော် လောက်ရှိနေပြီ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူတွေဟာ ဒီနေ့ ရေတာရှည်မြို့မှာ ညအိပ် ရပ်နားမှာဖြစ်ပြီး နောက်တနေ့မှာ ပဲခူးနဲ့ မန္တလေးတိုင်းဒေသကြီး နယ်နိမိတ်မြို့ဖြစ်တဲ့ ရေနီမြို့ကို ခရီးဆက်ကြမှာ ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ပျဉ်းမနားမြို့ကို ခရီးဆက်ဖို့ရှိပြီး ဗဟိုအစိုးရရုံးစိုက်ရာ နေပြည်တော်ကိုတော့ သွားရောက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ လမ်းလျှောက်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013