DVB Logo
Home
မြန်မာသတင်း
အင်းလေးကန် ဟိုတယ်စီမံကိန်းကို ဒေသခံများ သွားရောက်တားဆီး
DVB
·
January 30, 2013
အင်းလေးကန် ဟိုတယ်စီမံကိန်းကို ဒေသခံများ သွားရောက်တားဆီး
Donate to DVB

ရှမ်းပြည်နယ် တောင်ကြီးခရိုင်  ညောင်ရွှေမြို့နယ်က အင်းလေးဒေသမှာ ဟိုတယ်စီမံကိန်း စတင်တဲ့အနေနဲ့ ကုမ္ပဏီတခုက  မြေညှိနေရာမှာ  ရွာသား ၁၀၀ ကျော် သွားရောက်ပိတ်ပင်တားဆီးခဲ့ပါတယ်။

အင်းလေးကန်အရှေ့ဘက် သလဲဦးကျေးရွာအုပ်စု ကန်ဘဲ့ရွာမှာရှိတဲ့  ရွာသားတွေပိုင်တဲ့ မြေကွက်တွေမှာ  ကုမ္ပဏီတခုက မြေထိုးစက် ၇ စီးနဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့ မနက်ပိုင်းက မြေတွေ လာထိုးချတဲ့အတွက် ရွာသားပေါင်း ၁၀၀ ကျော် စုဝေးရောက်ရှိလာပြီး ကန့်ကွက်ခဲ့တယ်လို့ ပါဝင်ခဲ့သူ အင်ကြင်းကုန်းရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့က စက်ယန္တရားတွေ ရပ်နားဖို့ပဲ ပြောတယ်။ သူတို့က အမိန့်နဲ့လုပ်တာဖြစ်လို့ ကျနော်တို့ကတားရင် အပြစ်ဖြစ်လိမ့်မယ်ပေါ့။ အဲလိုပြောတော့ ကျနော်တို့ကလည်း မခံနိုင်ဘူး။ သူတို့စက်တွေနှိုးတော့ ကျနော်တို့ အဲစက်ထဲ ၀င်ထိုင်ပြီး ထိုးရဲထိုးကြည့် အသေခံမယ်ဆိုပြီး တားတယ်။ မနက် ၉ နာရီကတည်းကနေ ညနေ ၃ နာရီလောက် ကြာတယ် တားကြတာ။ အင်ကြင်းကုန်းရွာရော ကန်ဘဲ့ရွာရော ထွက်တားကြတယ်။”

ပြဿနာဖြစ်ပွားနေတဲ့နေရာကို နမ့်ပန်ရဲစခန်းက ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အယောက် ၄၀ လောက် ရောက်လာပြီး မြေထိုးသူတွေကို အလုပ်ဆက်လုပ်ဖို့ ပြောခဲ့ပေမယ့် ရွာသူရွာသား အမျိုးသမီးတွေရော အမျိုးသားတွေပါ စက်မလည်နိုင်အောင် တားဆီးခဲ့တယ်လို့ ဆိုပါတယ်။

မွန်းလွဲပိုင်းမှာ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး၊ ညောင်ရွှေမြို့နယ်မှူးနဲ့ တာဝန်ရှိသူတွေ ရောက်လာပြီး ရွာသားတွေ ဖြစ်လိုတဲ့ဆန္ဒတွေကို မေးမြန်းခဲ့ပါတယ်။

ရွာသားတွေကတော့ ဟိုတယ်ကို သူတို့လုပ်ကိုင် စားသောက်တဲ့နေရာမှာ လာမလုပ်ဘဲ  အခြားတနေရာမှာ သွားဆောက်ဖို့ လိုလားကြောင်း၊ ကုမ္ပဏီက ပေးမယ့် လျော်ကြေးငွေတွေ မလိုလားဘဲ တသက်လုံး လုပ်ကိုင်စားသောက်နိုင်တဲ့ သူတို့မြေတွေကိုပဲ လိုလားကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားတဲ့ အင်းလေးဒေသမှာ ဒီနှစ်ထဲ လာရောက် လည်ပတ်သူတွေ ပိုများလာပြီး တည်းခိုခန်းတွေ ဟိုတယ်တွေ လိုအပ်တာမှန်ပေမယ့်  ရွာသားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေလည်း  ငဲ့ညှာရမယ်လို့ ဒေသခံ ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာထွန်းလှိုင်က ပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ  ပူးပေါင်းဆောင်ရွက်မယ့် အင်းလေးဟိုတယ်စီမံကိန်း ဧရိယာထဲမှာ သလဲဦးကျေးရွာအုပ်စု ရွာပေါင်း ၆ ရွာက ရွာသားပိုင်မြေနဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်းပိုင် ထင်းစိုက်ခင်းတွေ စုစုပေါင်း ၆၂၂ ဧက ပါဝင်ပါတယ်။

ဆုံးရှုံးရမယ့်  သီးနှံပင်တွေအတွက် ၃ နှစ်စာ လျော်ကြေးငွေ  ကျပ်သိန်းပေါင်း ၅ ထောင်ကျော်ကို  ကုမ္ပဏီက ဒီလထဲမှာ ပေးခဲ့ပြီး ဖြစ်ပေမယ့်လည်း  လျော်ကြေးလက်မခံတဲ့ ရွာသားတွေရှိနေပြီး ကန့်ကွက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013