ပလက်ဝတံတားစီမံကိန်းသုံး ပစ္စည်းတင်သင်္ဘောကို အေအေ ပစ်ခတ်ဟု တပ်မတော်ပြော
DVB
·
November 30, 2019
ပလက်ဝတံတားစီမံကိန်းမှာသုံးမယ့် သံပေါင်နဲ့ဆောက်လုပ်ရေး ပစ္စည်းတွေတင်တဲ့ သင်္ဘောကို အေအေက ကုလားတန်မြစ်ရဲ့နေရာ ၂ ခုကနေ ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ တပ်မတော်က ပြောပါတယ်။
အဲဒီသင်္ဘောဟာ လုံခြုံရေးစစ်ရေယာဉ်တွေနဲ့အတူ စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းမှ စစ်တွေ-ပလက်ဝလမ်းကြောင်းအတိုင်း နိုဝင်ဘာ ၂၉ ရက်က ထွက်လာချိန် သံဇောက်ရွာအရှေ့ဘက် မီတာ ၉၅၀၀ လောက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ရေယာဉ်က ပြန်ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ဆက်လက်ပြီး ကျောက်တော်မှ အဲဒီနေ့ညနေပိုင်း ပြန်လည်ထွက်ခွာလာပြီး နိုဝင်ဘာ ၃၀ ရက် မနက် ၁ နာရီမှာလည်း မြစ်ဝကျေးရွာရဲ့ အနောက်မြောက်ဘက် မီတာ ၄၀၀၀ လောက်မှာရှိတဲ့ အနောက်ဘက်ကမ်းကနေ ထပ်ပြီးတော့ ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ဆီက စစ်ရေယာဉ် အနည်းငယ် ထိခိုက်ပျက်စီးတာ ရှိတယ်။ စစ်သည်တချို့ ဒဏ်ရာရတယ်။ သေဆုံး ကျဆုံး မရှိပါဘူး။ အရင်တုန်းက ဒီသင်္ဘောတွေအတွက် လုံခြုံရေး မရှိခဲ့ဘူး။ အခုတော့ ရှိနေပါတယ်။”
အခု ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် အေအေအဖွဲ့ ပြောခွင့်ရ ခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရသေးပါဘူး။
အခုလထဲမှာ ရက္ခိုင့်တပ်မတော် အေအေအဖွဲ့အနေနဲ့ ပလက်ဝတံတားစီမံကိန်းသုံး ပစ္စည်းတင်သင်္ဘောတွေကို ပစ်ခတ်မှုဟာ အခုချိန်ထိ လေးကြိမ်ရှိပြီ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၃ ရက် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာနား ကုလားတန်မြစ်ထဲ သင်္ဘောသုံးစင်း ပစ်ခတ်မှုဖြစ်စဉ်မှာတော့ ရေယာဉ်တစင်းရဲ့ ပဲ့ထိန်းခန်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ရပြီး မတ် ၁၆ ရက် ဖြစ်စဉ်မှာတော့ သင်္ဘောတစီး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ပလက်ဝစီမံကိန်းအတွက် ယူလာတဲ့ပစ္စည်းတွေဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ဖို့ လိုအပ်ပြီး မထုတ်ပြန်ဘဲ တပ်မတော်ရေယာဉ်တွေ ခြံရံပြီး စစ်ဆင်းရေးပုံစံနဲ့ ချီတက်လာပါက တားဆီးပစ်ခတ်သွားမယ်လို့ အေအေအဖွဲ့က နိုဝင်ဘာ ၂၃ ရက်က ပြောကြားထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အရင်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေရဲ့ မြောက်ဘက်လူမနေတဲ့နေရာတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ပြည်ထောင်စုလမ်းမကြီးနဲ့ ရွာတွေရဲ့နားမှာ ဖြစ်နေတယ်လို့ တပ်မတော်က ဆိုပါတယ်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး