Home
ဆောင်းပါး
အိမ်ဦးနတ်နဲ့ မယားတောသူ
DVB
·
November 30, 2019
ကြားနေကျမို့ ထူးထူးထွေထွေ မခံစားမိတဲ့ စကားလုံးတွေဟာ သေချာ စဉ်းစားကြည့်ရင် အလွယ်တကူ လက်ခံသွားအောင် လေ့ကျင့်ပေးနေသလိုပါလားလို့ တော်ရုံနဲ့ မတွေးဖြစ်ကြပါဘူး။ ခုနောက်ပိုင်း မြန်မာပြည်မှာ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ (အများစုက အိမ်ထောင်ရှင်ယောကျ်ားတွေ) ခပ်စိပ်စိပ်ကြားလာတဲ့အခါ ဒါဟာ ကျမတို့ရဲ့ အစဉ်အလာထဲ စိမ့်ဝင်နေတဲ့ အမျိုးသမီး နဲ့ အမျိုးသားတွေကြား အဆင့်အတန်းခွဲထားတာရဲ့ နောက်ဆက်တွဲ ဂယက်တွေလေလားလို့ စဉ်းစားလာမိတာပါပဲ။ ထုံးတမ်းအစဉ်အလာအရ အလိုလိုအဆင့်မြှင့်ခံထားရတဲ့ အမျိုးသားတွေဟာ အိမ်ထောင်ပြုလိုက်ရင်လည်း အိမ်ဦးနတ် .. ဆိုတဲ့ ကိုးကွယ်ထိုက်သူလိုလို ဘာလိုလို အဆင့်မြင့်ရာထူးကို အလိုလို ရသွားတာမို့ သူတို့ အခွင့်အရေးယူမယ်ဆိုရင်လည်း ယူချင်စရာပေါ့။ အရင် ခေတ်ကတော့ လင်ယောကျ်ားက ငွေရှာတဲ့အလုပ်ကို လုပ်ပြီး ဇနီးမယားက အိမ်မှုကိစ္စ လုပ်လေ့ရှိတဲ့ ခေတ်မို့ ငွေရှာနိုင်သူက ရာထူးပိုကြီးသွားတာပါပဲ။ အမျိုးသမီး တွေရဲ့ အချိန်အကန့်အသတ်မရှိ လုပ်ရတဲ့ အိမ်အလုပ်ရဲ့ တန်ဖိုးကတော့ ဘယ်တော့မှ ထည့်တွက်မခံရတာ ဟာ လည်း ဟိုးရှေးတုန်းကတည်းကပါပဲ။ ဒါပေမဲ့ ခုကတော့ ခေတ်ပြောင်း အမြင်ပြောင်းရမယ့် အချိန်ကို ရောက်နေပြီမို့ အမျိုးသမီးတွေရဲ့ နေရာ အသီးသီးမှာ အရေးပါမှု တွေကို သိသိသာသာ ထုတ်ပြောကြရတော့ မယ့် အချိန် ဖြစ်နေပါပြီ။ ဒါမှပဲ အမျိုးသားတွေကိုယ်တိုင်က ဒါကို သတိပြုမိပြီး အမျိုးသမီးတွေအပေါ် အနိုင်ကျင့် ရာရောက်တဲ့ အပြုအမူတွေကို ဆင်ခြင်မိမှာ ဖြစ်ပါတယ်။ +++++ မြန်မာ့လူ့ဘောင်ထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို နှိမ်ထားတာ သိပ်မရှိဘူးလို့ အမျိုးသမီးတွေ ကိုယ်တိုင်ကတောင် ယူဆထားကြတာရှိပါတယ်။ ကျမ ရှေ့ဆောင်းပါးတွေမှာ ပြောခဲ့သလိုပါပဲ.. ဘယ်လောက်မှ အရေးမကြီးဘူးလို့ မှတ်ထားခဲ့ကြတဲ့ ဓလေ့ထုံးစံတွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေ နောက်ရောက် နေခဲ့ကြတာပါ။ ကျမတို့ကိုယ်တိုင်တောင် အလေးအနက်မထားမိတဲ့ “လိုချင်တာ မိဖုရား.. ညားတော့ ဘုရင်မ” ဆိုတဲ့ ယောကျ်ားအများစုရဲ့ ခွဲခြားသတ်မှတ်မှုဟာ အမျိုးသမီးတွေကို နောက်မှာသာထားချင်တဲ့ အစဉ်အလာ ကို ဖော်ပြနေတာပဲ မဟုတ်ပါလား။ ဥပမာတွေ ပေးမယ်ဆိုရင်တော့ အများကြီးကို ရှိတာပါ။ အဲဒီထဲကမှ တချို့ဆိုရင် အမျိုးသမီးတွေရဲ့တန်ဖိုးကို အတော် နှိမ့်ထားတာတွေ့ရပါတယ်။
  • ကြက်မ တွန်လို့ မိုးမလင်းဘူး
  • မယားနဲ့ နွား မသနားနဲ့
  • တံခွန်မရှိတဲ့ ကုက္ကား ၊ အလံမရှိတဲ့ ရထား ၊ လင်သားမရှိတဲ့ မိန်းမ မတင့်တယ်
  • သားကို သခင် ၊ လင်ကိုဘုရား
  • မိန်းမ ဖျက်လို့ ပြည်ပျက်
  • မိန်းမလို မိန်းမရ
  • သတ္တိမရှိရင် ထမီဝတ်ထားလိုက်
  • ငိုတယ်ဆိုတာ ပျော့ညံ့တဲ့ မိန်းမတွေရဲ့ အလုပ် … စသဖြင့်။
အဲဒီလို ဆိုရိုးတွေဟာ အမျိုးသမီးတွေကို တစ်ဆင့်နှိမ့်ထားတဲ့ အမြင်ကြောင့် ပေါ်ပေါက် လာတာမဟုတ်လား။ တကယ်ရော မှန်သလား။ ဒီလို အမြင်တွေကြောင့် အမျိုးသမီးတွေကို ဒုတိယ တန်းစားလိင်အဖြစ်သာ သတ်မှတ်တာ.. အခွင့်အရေးတွေကိုလည်း ဒုတိယတန်းစားအဖြစ်သာ စဉ်းစားတာတွေ အလိုလို ဖြစ်လာပါတယ်။ တကယ်တမ်းကျတော့ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သူတို့ရဲ့ မူလ ကိုယ်ရည် ကိုယ်သွေး နဲ့ မူလဗီဇအခြေခံစိတ်တွေကသာ သူတို့ရဲ့ လုပ်ရပ်တွေကို ဖြစ်ပေါ် စေတာပါ။ ဒါကြောင့် ဒီလို သတ်သတ် မှတ်မှတ် ခွဲခြားထားတာတွေကို သေချာ စဉ်းစားပြီး ထုတ်ပြော ကန့်ကွက်သင့် နေပြီဖြစ်ပါတယ်။ +++++ ကျမတို့ မြန်မာ့ဆိုရိုးတွေထဲမှာ အမျိုးသား အမျိုးသမီး ဆိုတဲ့ လိင်ကွဲပြားမှုကိုသာမက လူတွေရဲ့ ဘဝပေး အခြေအနေတွေ သတ်မှတ်ချက်တွေကိုပါ ခွဲခြားတာ.. နှိမ်ထားစော်ကားထားတာတွေ အများကြီးရှိပါတယ်။ ဒီအထဲမှာ ကျွန်ကုလား.. မယားတောသူ ဆိုတဲ့ ဆိုရိုးလည်း ပါပါတယ်။ လင်ယောကျ်ားတွေကိုတော့ ကိုးကွယ်ရာနတ် နဲ့ တင်စားပေမဲ့ ဇနီးမယားကျတော့ ကျွန်လို ခိုင်းစေ ရမယ့်အဆင့်အဖြစ် သတ်မှတ်ထား တာပါ။ ကျွန်အဖြစ်ခိုင်းရင် ကုလား (လူမျိုးခြားအိန္ဒိယနွယ်ဖွား) ကို ရွေးရသလို ဇနီးမယားဆိုလည်း ကျွန်လို အလုပ်လုပ်ခိုင်းနိုင်ဖို့ တောသူကိုသာ ရွေးသင့်တယ်ဆိုတာမျိုး ခိုင်းနှိုင်းတာပါ။ ဒါကြောင့်ပဲ ဇနီးမယားဟာ အိမ်မှုကိစ္စလုပ်.. အိမ်ထောင့်တာဝန်ကို အပြည့်လုပ်ရမယ် ဆိုတဲ့ သတ်မှတ်ချက် ဖြစ်လာပြီး မယားနဲ့နွား မသနားနဲ့ ဆိုတဲ့ ရိုင်းပျတဲ့ အခိုင်းအနှိုင်းမျိုးတွေထိ ဆက်နွယ်လာတာပါပဲ။ ပိုဆိုးတာက အမျိုးသမီးတွေ ကိုယ်တိုင်က ဒါတွေကို သမားရိုးကျလက်ခံထားတာပါပဲ။ ဒါဟာလည်း အစဉ်အဆက် ပို့ချခံလာရတွေရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ +++++++ အမျိုးသမီးတွေကို ကျမ ဒီနေရာကနေ မေးခွန်းတချို့မေးချင်ပါတယ်။
  • မနက်တိုင်း လင်ယောကျ်ားထက်အရင် အိပ်ရာထပြီး မနက်စာ ပြင်ဆင်ရမယ်။
  • ညမှာလည်း လင်သားအိပ်ပြီးမှ အိပ်ရမယ်။
  • ညအိပ်ရာဝင်တဲ့အခါ လင်ယောကျ်ားကို ကန်တော့ပြီးမှ အိပ်ရမယ်။
  • အစားအသောက်မှာလည်း လင်ယောကျ်ားအကြိုက်ကို ဦးစားပေးစီစဉ်ချက်ပြုတ်ရမယ်။
  • မိသားစုထဲမှာ အိမ်ထောင်ဦးစီးလင်ယောကျ်ားရဲ့ အဆုံးအဖြတ်ကသာ အဓိက ဖြစ်တယ်။
  • ယောကျာ်းတွေကတော့ စိတ်အခန့်မသင့်ရင် တခါတလေ လက်ပါတတ်တာပဲ.. မိန်းမကတော့ အိမ်ထောင်ရေးမပြိုကွဲဖို့ ဒီလိုပဲ သည်းခံကြရတာပဲ။
  • အမျိုးထဲမှာ တစ်ခုလပ် တစ်လင်ကွာ မရှိဘူး၊ ဒါကြောင့် အိမ်ထောင်ကွဲလို့မရဘူး။
ဒီလို သွန်သင်မှုတွေ တစ်ခုမဟုတ် တစ်ခု ကြားခဲ့ဖူးပါသလား။ ကြားခဲ့ဖူးတယ်ဆိုရင်.. ဘာကြောင့် ဒီလို လုပ်ရမှာလဲဆိုတဲ့ စဉ်းစားမှုမျိုးတွေ ရှိခဲ့ဖူးပါသလား။ ပြီးတော့ အလွယ်တကူ လက်သင့်ခံနိုင်ခဲ့ကြသလား… ဆိုတဲ့ မေးခွန်းတွေကို မေးချင်တာပါပဲ။ +++++ တကယ်တော့ အမျိုးသမီး နဲ့ အမျိုးသား.. လင် နဲ့ မယား ဆိုတာတွေဟာ သဘာဝအရ ကွဲပြားတဲ့ လိင်တွေသာဖြစ်ပြီး ပထမတန်းစား.. ဒုတိယတန်းစားဆိုတဲ့ သတ်မှတ်ချက် မရှိသင့်တာကိုသာ ကျမက ပြောချင်တာပါ။ ဒီလိင်အမျိုးအစားနှစ်ခု အတူ ယှဉ်တွဲနေထိုင်မှုဟာ အပြုသဘောဆောင်တဲ့ ဖြစ်တည် နေထိုင်မှုသာ ဖြစ်သင့်တယ်လို့သာ ကျမက ယူဆတာပါ။ ဒီလိင်နှစ်မျိုးနှစ်စားဟာ ကွဲပြားမှုသာဖြစ်ပြီး ဆန့်ကျင်ဘက်မဟုတ်ဘူးဆိုတာကိုသာ လက်ခံကြစေချင်တာပါ။ ဒီလိင်နှစ်မျိုး အတူတူနေထိုင်ခြင်းမှာ တစ်ဦးအပေါ်တစ်ဦးက လွှမ်းမိုးလိုစိတ်.. နိုင်နင်းလိုစိတ်တွေ မရှိဘဲ အပြန်အလှန်အသိအမှတ်ပြုမှုနဲ့ စေတနာနဲ့ စာနာ နားလည်မှုသာ ရှိဖို့ လိုတယ်မဟုတ်ပါလား။ +++++ တကယ်တော့ ကျမကိုယ်တိုင်တောင် ဒီလို အယူအဆတွေထဲ အလိုက်သင့်ခဲ့ဖူးပါတယ်။ ကျမရဲ့ “မုန်တိုင်းရဲ့ ကျောရိုး” ဆိုတဲ့ ဝတ္ထုထဲက လင်မယားနှစ်ယောက်ရဲ့ ပြဿနာမှာ ကျမ ရေးဖူးတာလေး ဒီမှာ ပြန်ပြောပြရင်း ဆောင်းပါးကို အဆုံးသတ်ပါမယ်။ “မင်းဟာ မိန်းမ၊ မိန်းမဟာ ယောက်ျားရဲ့ နောက်လိုက်ပဲ၊ မင်းကို ကိုယ် အင်မတန် ချစ်ခဲ့၊ မြတ်နိုးခဲ့တယ်၊ ဒါနဲ့ တပြိုင်တည်းပဲ ကိုယ်မင်းကို ယောက်ျားပီပီ ဦးဆောင်ချင်တယ်၊ တစ်ယောက် က ဗိုလ်ဆိုရင် တစ်ယောက်က နောက်လိုက်ပဲ ဖြစ်ရမယ်၊ ဒီတော့ ပြောပါ … ထရီဇာ မင်း ဗိုလ်လုပ်မလား၊ နောက်လိုက်လုပ်မလား” အဲဒီလို ရှင်ပြောလာတော့ ကျမ သိပ်တုန်လှုပ်သွားတယ်။ ကျမဘဝမှာ ရှင့်ကို အိမ်ဦးနတ် အရာထားခဲ့တာ ကျမအသိဆုံးပေါ့။ ကိုယ့်ယောက်ျားကို My pet လို့ ပြောတတ်တဲ့ မိန်းမစားတွေ၊ “တို့ယောက်ျားက တို့သေဆို သေ၊ ရှင်ဆို ရှင်ပဲ” လို့ ပြောတတ်တဲ့ မိန်းမတွေကို အင်မတန် စက်ဆုပ်တဲ့ မိန်းမပဲ။ ခု ရှင်က ဒီလို ပြောလာ တော့ ကျမ အံ့သြမှုကြောင့် တုန်လှုပ်သွားတာပေါ့။ “နေပါဦး ဒါလင်၊ ခုချိန်ထိ ထရီဇာ ဒါလင့်ကို မတိုင်ပင်ဘဲ အိမ်ဖော်ခန့်တာက အစ၊ ကဗျာစာအုပ် ထုတ်တာအထိ လုပ်ဖူးလား၊ ပြီးတော့ ဒါလင့်ကို မစောင့်ဘဲ ထမင်းတောင် စားဖူးရဲ့လား၊ စိတ်ဆိုးပြီးတော့ အော်ဖူးလား၊ ယူတွေ အိုင်တွေနဲ့တောင် မပြောခဲ့ပါဘူး ဒါလင်…၊ တစ်ယောက်နဲ့ တစ်ယောက် ဘဝအဖော်တွေအဖြစ် လက်ခံခဲ့ပြီး ကတည်းက ထရီဇာ ဒါလင့်ကို အိမ်ဦးနတ်အနေနဲ့ ရိုသေခဲ့တယ်လို့ ယုံကြည်တာပဲ” လို့ ကျမ ပြန်ပြော တော့ ရှင်က ကျမကို မျက်လုံးပြူးပြီး ကြည့်လာပြန်ရော။၊ ပြီးတော့… “မသိဘူးလား ထရီဇာ၊ မင်းကိုယ့်ကို ခွင့်တောင်းတာမဟုတ်ဘူး၊ တိုင်ပင်တာမဟုတ်ဘူး၊ အသိပေးတာ သက်သက်ပဲဆိုတာ၊ ကဗျာစာအုပ်ထုတ်ရမလားလို့ ပြောတာမှ မဟုတ်ဘဲ၊ ကဗျာစာအုပ်ထုတ်မလို့-လို့ အသိပေးတာပဲ။ ပြောတာကတော့ လေအေးအေးနဲ့ပါပဲ၊ ဒါပေမဲ့ ခံရတဲ့ကောင်က မသက်သာဘူး ထရီဇာ၊ ဒီမှာ ကိုယ် လိုချင်တာက ရက်စ် အော် နိုး၊ ဘလက် အန် ဝှိုက်တ် ပဲ။ ကဲ… ပြောပါ၊ ခင်ဗျား ဗိုလ်လုပ်မလား၊ နောက်လိုက်လုပ်မှာလား” ရှင်အဲလိုပြောရင် ကျမရဲ့ မခံချင်စိတ်တွေ ရောက်လာရော။ အဲလောက်တောင် နားမလည်ချက် ဆိုးလှချည် ကောလို့ တွေးမိရင်း… “ဒါလင်ပြောတာကို ထရီဇာ လက်မခံနိုင်သေးတာ ခက်တယ်၊ တစ်ယောက်နဲ့ တစ်ယောက် အပေး အယူမျှရမယ့် လင်မယားဘဝပါ ဒါလင်ရဲ့။ တပ်ဖွဲ့တစ်ဖွဲ့မဟုတ်ပါဘူး၊ ဗိုလ်တွေ၊ ရဲဘော်တွေ မလိုပါဘူး၊ ထရီဇာ့ကို စိတ်ညစ်အောင် မလုပ်ပါနဲ့” မေငြိမ်း ၁၇ နိုဝင်ဘာ ၂၀၁၉။ (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024