တိုက်ပွဲများကြောင့် ခမီနှစ်သစ်ကူးနေ့ အခမ်းအနား အကျဉ်းချုံးကျင်းပ
DVB
·
November 28, 2019
ရခိုင်မျိုးနွယ်စုတခုဖြစ်တဲ့ ခမီးလူမျိုးတို့ရဲ့ နှစ်သစ်ကူးနေ့အခမ်းအနားကို တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲအခြေအနေကြောင့် နိုဝင်ဘာ ၂၇ ရက်မနက်ပိုင်းက စစ်တွေမြို့ ခေမာ မဏ္ဍိုင်ကျောင်းတိုက်မှာ အကျဉ်းချုံးကျင်းပခဲ့ပါတယ်။
အရင်နှစ်တွေက ရိုးရာအက၊ ရိုးရာခေါင်ရည်သောက်ပွဲ၊ ရိုးရာဓလေ့ကစားပွဲတွေနဲ့ စည်ကားစွာ ကျင်းပနိုင်ခဲ့ပေမယ့်လည်း အခုနှစ်မှာ တိုက်ပွဲတွေကြောင့် အကျဉ်းချုံးသာ ကျင်းပခဲ့ရတာပါ။
ရခိုင်ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးကျော်ဝင်းက "ကျနော်တို့က စတုတ္ထအကြိမ်မြောက် ခမီနှစ်သစ်ကူးနေ့ကို ပေါက်တောမြို့နယ် ဆင်တက်ပေါ်ကျွန်းရှိ မြဒေးကျေးရွာမှာ ခမ်းခမ်းနားနားအဖြစ် ကျင်းပပြုလုပ်မယ်ဆိုပြီးတော့ စီစဉ် ထားတာပါ။ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေကြောင့် မကျင်းပနိုင်ခဲ့ပါဘူး"လို့ ပြောပါတယ်။
ခမီးလူမျိုးတို့ရဲ့ နှစ်သစ်ကူးနေ့ဟာ နတ်တော်လဆန်း ၁ ရက်နေ့မှာ ကျရောက်တာဖြစ်ပါတယ်။
ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကို ဘူးသီးတောင်မြို့နယ် လောင်းချောင်းကျေးရွာ၊ တတိယ အကြိမ်ကို ပုဏ္ဏကျွန်းမြို့နယ် ခမီကြိမ်ချောင်းကျေးရွာနဲ့ အခု စတုတ္ထအကြိမ်ကိုတော့ ပေါက်တောမြို့နယ် ဆင်တက်ပေါ်ကျွန်းရှိ မြဒေးကျေးရွာမှာ ကျင်းပဖို့ စီမံထားခဲ့ကြပေမယ့် တိုက်ပွဲတွေကြောင့် စစ်တွေမြို့၊ခေမာမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းတိုက်မှာ အကျဉ်းချုံး ပြု လုပ်နိုင်ခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ ခမီတိုင်းရင်းသား ၁ သိန်းခန့်ရှိပြီး စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမ်းမြို့နယ်နဲ့ မောင်တော မြို့နယ်တို့မှာ နေထိုင်ကြပါတယ်။
သတင်း - ကောင်းကောင်း