ကျောက်တော် မဟာမုနိဘုရားကြီးအနီး အေအေက မိုင်းခွဲတိုက်ခိုက်ဟုတပ်မတော် ထုတ်ပြန်
DVB
·
November 28, 2019
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီး တောင်ဘက်ရှိ မဟာသန္တိသုခ ဗိမာန်ဓမ္မာရုံအနီးမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ (အေအေ)က ရီမုမိုင်းတလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ဓမ္မာရုံရဲ့ အရှေ့တောင်ဘက် ၁၃ ပေခန့် အကွာမှာ နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီလောက်က မိုင်းဖောက်ခွဲခဲ့တာ ဖြစ်ပြီး ဓမ္မာရုံတောင်ဘက်ခြမ်းရှိ ပြတင်းတံခါး အပေါ်ဘက်လေကာမှန် ၁၄ ချပ်နဲ့ တံခါးမကြီး အပေါ်ဘက် လေကာမှန် ၃ ချပ် ကွဲကြေပျက်စီးသွား တယ်လို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။
မဟာမုနိ ဘုရားကြီးအနီးဝန်းကျင်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နယ်မြေလုံခြုံရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပြီး မိုင်းခွဲမှုမှာ ထိခိုက်ဒဏ်ရာ ရရှိသူမရှိဘူးလို့ သိရပါတယ်။
အဆိုပါ မိုင်းဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် အေအေဘက်ကတော့ တစုံတရာ ထုတ်ဖော် ကြေညာတာမရှိသေးပါဘူး။