ဘုရားသုံးဆူ တိုက်ပွဲကြောင့် မွန်တိုင်းရင်းသား ၃၀၀ ခန့် ထိုင်းဘက်ထွက်ပြေးခိုလှုံ
DVB
·
November 28, 2019

မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်အကြား နိုဝင်ဘာ ၂၇ ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဘုရားသုံးဆူဒေသက မွန်တိုင်းရင်းသား ၃၀၀ လောက် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင် ထွက်ပြေးလာတယ်လို့ ဘန်ကောက်ပို့စ် ထိုင်းသတင်းစာမှာ ဖော်ပြပါတယ်။
တိုက်ပွဲကြောင့် ဘုရားသုံးဆူ ဂျပန်ရေတွင်းအနီးနားက ရွာသားတွေဟာ ဆွေမျိုးတွေ နေထိုင်တဲ့ ထိုင်းနိုင်ငံ ဆန်ခလပူရီမြို့နယ်မှာရှိတဲ့ နွန်လုရွာကို ထွက်ပြေးရောက်ရှိလာသူတွေရှိသလို ဘုရားသုံးဆူနယ်စပ် လမ်းတလျောက်ရှိ ရာဆာဒွန်းထိုင်းရွာကို ခိုလှုံလာသူတွေရှိတယ်လို့လည်း နယ်စပ်သတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းမှာဖော်ပြပါတယ်။
မြန်မာဘက်က တိုက်ပွဲဖြစ်နေတဲ့ အခြေအနေတွေကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ တပ်လှန့်ထားဖို့ ထိုင်းစစ်တပ်က အမိန့်ပေးထားတယ်လို့ ဗိုလ်မှူးကြီး ဆစ်သီပွန် ဂျူလာပနာက ပြောပါတယ်။
တိုက်ပွဲကြောင့် မွန်တိုင်းရင်းသား ရွာသားတဦးဒဏ်ရာရသွားပြီး ဆန်ခလပူရီဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေရပါတယ်။
မြန်မာတပ်မတော်နဲ့ မွန်ပြည်သစ်ပါတီလက်အောက်ခံတပ်ဖွဲ့တဖွဲ့ ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းအနီး နိုဝင်ဘာ ၂၇ ရက်မနက်က မိနစ်အနည်းငယ်ကြာ ပစ်ခတ် တိုက်ပွဲဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ ရေးဒေသ ဆက်ဆံရေးရုံး တာဝန်ခံက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။
တိုက်ပွဲကြောင့် မွန်ပြည်သစ်အောက်ခြေတပ်ဘက်က ထိခိုက်ဒဏ်ရာရတာမရှိတဲ့ အကြောင်းနဲ့ အခုလိုပစ်ခတ်ပြီးနောက် မြန်မာ့တပ်မတော်အောက်ခြေတပ်က ပြန်လည်ဆုတ်ခွာ သွားခဲ့တယ်လို့ မွန်ပြည်သစ်ပါတီရေးဆက်ဆံရေးရုံးက ပြောပါတယ်။
ဓာတ်ပုံ- Bangkokpost