
ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာက အိမ်ရှင်ဖိလစ်ပိုင်ကို (၂-၁) ဂိုးဖြင့် အနိုင်ရ

Email This Story :
ဖိလစ်ပိုင် ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာ ယူ-၂၂ အသင်းနဲ့ အိမ်ရှင် ဖိလစ်ပိုင် ယူ- ၂၂ အသင်းတို့ ဒီကနေ့မွန်းလွဲပိုင်းက ယှဉ်ပြိုင်ကစားကြရာမှာ မြန်မာအသင်းက ၂ -၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မြန်မာအသင်းက ဖိလစ်ပိုင်အသင်းဘက်ကို ပွဲစကတည်းက ကစားကွက်အသာနဲ့ ပုံမှန် တိုက်စစ်ဆင်ကစားခဲ့ပြီး ပထမပိုင်းပွဲချိန် ၁၇ မိနစ်မှာ အောင်ကောင်းမာန်ရဲ့ သွင်းဂိုးနဲ့ မြန်မာအသင်း အဖွင့်ဦးဆောင်ဂိုး အရင်ရသွားပါတယ်။
အပြန်အလှန် တိုက်စစ်ဆင်ကစားကြရာမှာ ပထမပိုင်းပြီးခါနီး ၄၅ မိနစ်အချိန်မှာ မြန်မာနောက်တန်းလူတွေ လူကပ်မထားဘဲ လွတ်နေတဲ့ ဖိလစ်ပိုင် ရှေ့တန်းတိုက်စစ်မှူး ဂျက်စတင်က အနီးကတ် အပိုင်ကန်သွင်းပြီး ချေပဂိုး ရရှိသွားပါတယ်။
ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး အပြန်အလှန် ကန်သွင်းခွင့်တွေ ရရှိခဲ့ပေမယ့် ဂိုးမရရှိခဲ့ဘဲ ပွဲချိန် ၇၈ မိနစ်မှာတော့ မြန်မာအသင်းအတွက် အနိုင်ဂိုးကို ရှေ့တန်းတိုက်စစ်မှူး ဝင်းနိုင်ထွန်းက အပိုင်ကန်သွင်းယူနိုင်ခဲ့လို့ ပွဲအပြီးမှာ မြန်မာအသင်းက ဖိလစ်ပိုင်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ မလေးရှားနဲ့ ပွဲစဉ်မှာ ၁ ဂိုးစီသရေကျ ရမှတ် ၁ မှတ်ရထားပြီး ဒီပွဲအပြီးမှာ ၃ မှတ်ရရှိထားလို့ စုစုပေါင်း ရမှတ် ၄ မှတ် ရရှိနေပါတယ်။
အုပ်စု (က)မှာ မြန်မာအသင်းဟာ မလေးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမောနဲ့ ကမ္ဘောဒီးယား အသင်းတွေနဲ့ တအုပ်စုတည်း ကျနေတာဖြစ်ပြီး အုပ်စု လက်ကျန်ပွဲစဉ်တွေအဖြစ် နိုဝင်ဘာ ၂၉ ရက်မှာ အရှေ့တီမောအသင်း ဒီဇင်ဘာ ၂ ရက်နေ့မှာ ကမ္ဘောဒီးယားတွေနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ- MFF