Home
ဆောင်းပါး
ကျားဖောင် ပင်လယ်ပြင်ရေလုပ်ငန်း တရားဥပဒေစိုးမိုးမှု ရှိစေချင်   
DVB
·
November 27, 2019
ကျားဖောင်ဆိုတာ ၁၅ ပေအကျယ်နဲ့ ၃၃ ပေအရှည်ရှိတဲ့ ဝါးပိုးဝါးနဲ့ ဆောက်ထားတဲ့ဖောင်ပါ။ ရေပေါ်ဖို့အတွက် တဖက်ဆီမှာ ဖော့သီး ၆ သီးစီခံပြီး ဖောင်ဖွဲ့ထားတာ။ ဖောင်ကိုတော့ ဝါခေါင်လလောက်မှာ စတင်တည်ဆောက်ကြရတာပါ။ သီတင်းကျွတ်ပြီဆိုတာနဲ့ ကျားဖောင်လုပ်ငန်း စတင်အသက်ဝင်လာခဲ့ပါတယ်။ ကျားဖောင်တခုရဲ့ ဖောင်ဖွဲ့ကုန်ကျစရိတ်ဟာ ကျပ် ၁၅ သိန်းကနေ သိန်း၂၀ အထိရှိနိုင်တယ်။ ကျားဖောင်သုံးပစ္စည်းကိရိယာတွေ၊ အသုံးအဆောင် တွေနဲ့ လုပ်အားခတွေအတွက် ရင်းနှီးထားရတဲ့ငွေဟာ ဖောင်တခုမှာ ကျပ် သိန်း ၁၀၀ ဝန်းကျင်ရှိ ပါတယ်။ ကျားဖောင်တခုမှာ လုပ်သားဦးရေ အနည်းဆုံး သုံးယောက်နဲ့ အများဆုံး လေးယောက်ပဲ ပါလေ့ရှိတယ်။ လုပ်အားခအနေနဲ့ကတော့ တလမှာ ကျပ် ၆၀၀၀၀ ဝန်းကျင်ပေးတယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေဟာ သီတင်းကျွတ်ကနေ တန်ခူးလအထိ ဖောင်ပေါ်မှာပဲ နေပြီး အလုပ်လုပ်ရတာ။ အနည်းဆုံး ၆ လနဲ့ ၇ လအကြား ကြာတတ်တယ်။ ဒါကလည်း မိုး လေ သဘာဝအန္တရာယ်နဲ့ မကြုံမှပါ။ မုန်တိုင်းမိပြီဆိုရင် မုန်တိုင်းနဲ့အတူ ပင်လယ်ထဲမျောပါပြီး အသက်ဆုံရှုံးခဲ့တာတွေ ရှိသလို တချို့လည်း နိုင်ငံတခုမှာ တင်ပြီး အမိနိုင်ငံကို ပြန်ရောက်လာသူတွေလည်း ရှိပါတယ်။ ဖောင်ပေါ်ရောက်နေတဲ့ အလုပ်သမားတွေရဲ့ အလုပ်ချိန်ဟာ တနေ့မှာ အနည်းဆုံး ၁၅ နာရီခန့်ရှိတယ်လို့ ဆိုပါတယ်။ တကယ်တော့ အလုပ်ချိန်ဆိုတာကို တိကျတဲ့ သတ်မှတ်ချက် မရှိပါဘူး။ ရေတက် ရေကျနဲ့ ငါးရရှိမှု အခြေအနေအပေါ်မှာပဲ မူတည်နေတာ။ ငါးကျတဲ့ရက်တွေ ဆိုရင် နှစ်ည၊ သုံးည မအိပ်မနေ လုပ်ကြရတာ။ အစာစားချိန်တောင် မပေးနိုင်ခဲ့ပါဘူးလို့ အလုပ်သမားတယောက်က ဖွင့်ဟခဲ့ဖူးတယ်။ ‌ရေတက် တကြိမ်၊ ရေကျ တကြိမ် ပိုက်ချရတာ။ တနေ့ကို ၂ ကြိမ် ရေတက်ရှိသလို ၂ ကြိမ် ရေကျရှိတော့ ပိုက်ချ ပိုက်ဆွဲ စုစုပေါင်း ၈ ကြိမ် လုပ်ရတယ်။ ၆ နာရီ တကြိမ်ကျပေါ့။ သာမန်အချိန်လေးမှာတောင် အိပ်ချိန်ဟာ ၆ နာရီပဲ ရှိလေရဲ့။ ကျားဖောင်ပေါ်မှာ လုပ်ရတာတွေက ပိုက်ဆွဲ ပိုက်ချအပြင် ရရှိတဲ့ ငါး၊ ပုစွန်တွေကို အခြောက်လှမ်းဖို့ ဆားနယ်ရတယ်။ ငါး ဆိုရင် ခွဲစိတ်ပြီးမှ ငါးကို ဆားနဲ့နယ်ရတာ။ ပြီးတာနဲ့ ဖောင်ရဲ့ခေါင်မိုးပေါ်မှာ လှမ်းရတယ်။ ပုစွန် ဆိုရင်တော့ ဆားနယ်ပြီး ပြုတ်ရတယ်။ ပြုတ်ပြီးမှ ခေါင်မိုးမှာ အခြောက်လှမ်းကြရတာ။ ခြောက်နေပြီဖြစ်တဲ့ ငါး၊ ပုစွန်တွေကိုတော့ နှစ်ရက် တကြိမ် သုံးရက် တကြိမ် လာတတ်တဲ့ ငါးပေါင်းစက်လှေတွေပေါ် ထမ်းတင်ပေးရတယ်။ သူတို့ကမှ ကမ်းကိုတင်ပြီး ဈေးကွက်ကို ပို့ကြတာ။ ကျားဖောင်ပေါ် ရောက်ပြီ ဆိုကတည်းက ကုန်းမြေ ပြန်ပြီးခြေချဖို့ ၆ လလောက် ကြာတတ်ပါတယ်။ ကမ်းခြေနဲ့ ဝေးတဲ့အတွက်လည်း ဖောင်ဦးစီးလက်ထဲမှာပဲ ဘဝကို ပုံအပ်ထားရတာ။ ကမ်းနဲ့အနီးဆုံး ကျားဖောင်ဟာ ရေမိုင် ၁၃ မိုင်ရှိတယ်။ အများအားဖြင့်ရေမိုင် ၅၀ အထိ ရှိတတ်တယ်။ ကမ်းခြေကနေ အနည်းဆုံး ၁၀ နာရီ စက်လှေမောင်းမှ ကျားဖောင်ဆီကို ရောက်တာ။ ဒီတော့လည်း ကျားဖောင်လုပ်သားတို့ရဲ့ဘဝဟာ ဖောင်ဦးစီး ပြုသမျှ နုရတဲ့ဘဝတွေပါပဲ။ ဆိုးသွမ်းတဲ့ ဖောင်ဦးစီးတွေလက်ထဲမှာ အသက်ပေးခဲ့ကြရသူတွေလည်း ရှိတယ်။ ဥပဒေ လက်လှမ်းမှီရာ အရပ်မှ မဟုတ်ပေပဲကိုး။ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးရတာလည်း ရှိရဲ့။ ခြေ၊ လက်နဲ့ ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရတာတွေ ခြေကျိုး လက်ကျိုး ဖြစ်တာတွေမှာလည်း အရိုက်ခံရလို့ ဖြစ်တာရှိသလို သဘာဝဘေးကြောင့် ဖြစ်ခဲ့တာလည်း ရှိတာပေါ့။ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးလား။ အိပ်မက်တခုပါ။ ဘယ်ကျားဖောင်အလုပ်ရှင်ရဲ့ စိတ်ကူးထဲတောင် မရှိခဲ့ကြပါဘူး။ တခါ တခါ ကျားဖောင်လုပ်ငန်းဟာ တရားဝင်လုပ်ငန်းမှ ဟုတ်ပါရဲ့လားလို့တောင် ထင်ရတယ်။ ဖျာပုံနားက ပင်လယ်ပြင်မှာ ကျားဖောင်ပေါင်း ၄၀၀၀ ကျော်လောက်ရှိတယ်။ အများစုက တရားဝင်ငါးဖမ်းလိုင်စင် မရှိကြပါဘူး။ ငါးလုပ်ငန်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် တရားဝင်လိုင်စင်လုပ်တဲ့ ကျားဖောင်လုပ်ငန်း ၁၃၂၈ ဖောင်ပဲ ရှိတယ်လို့ ဆိုပါတယ်။ တနင်္သာရီ ကမ်းရိုးတန်းက ကျားဖောင်လုပ်ငန်းပါ ထည့်တွက်ရင် မြန်မာ့ရေပြင်မှာ ကျားဖောင်ပေါင်း ၁၀၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ မေးမှ မေးရက်လေတယ်။ ရေလုပ်သားကတ်လား။ ဘယ်ရှိမှာလဲ။ ကျားဖောင်တောင် လုပ်ခွင့်လိုင်စင်မရှိဘဲ ဖမ်းနေသေးတာပဲ။ ငါးလုပ်ငန်းဦးစီး အပြောကတော့ ရေလုပ်သားအားလုံးရဲ့ သုံးပုံတပုံပဲ တရားဝင် ရေလုပ်သားကတ် ရှိတယ်လို့ ဆိုတယ်။ လူကလည်း လူမျိုးစုံလေ။ တချို့က မိဘတွေ လုပ်ကျွေးချင်လို့၊ တချို့က လစာကောင်းလို့တဲ့။ တချို့ကြတော့လည်း လူကုန်ကူးခံလိုက်ရလို့ ရောက်လာတာ။ နှစ်စဉ် ရေလုပ်သားဟာ တရားဝင်တာရော မဝင်တာရော စုစုပေါင်း ၃၀၀၀၀ လောက်ရှိတယ်။ ကျားဖောင်ရဲ့ နှစ်စဉ် လူအသေအပျောက်ဟာ များလွန်းတယ်။ ၂၀၁၇-၁၈ စာရင်းမှာဆိုရင် ဖျာပုံရဲစခန်းရဲ့ တရားဝင်ရောက်လာတဲ့စာရင်းအရ ကြည့်ရင် ၂၇၆ ယောက်ထိရှိတယ်။ ဒါ တရာသီစာပဲ ရှိသေးတယ်လို့ ဆိုတယ်။ သူတို့ရတဲ့ စာရင်းပါ။ စာရင်းမရှိဘဲ ပျောက်ဆုံးတာတွေလည်း ရှိရဲ့။ အဲဒီဖောင်တွေဆီ သွားဖို့ရာမှာ  စက်လှေ (သို့) သင်္ဘောမရှိတော့ ကျားဖောင်ပိုင်ရှင်တို့ ငါးသွားကဲ့တဲ့ ငါးပေါင်းစက်လှေနဲ့ လိုက်သွားပြီး အဲဒီလှေနဲ့အတူ ပြန်လာခဲ့ရတာလေ။ ဒီလိုနဲ့ ဖောင်ဦးစီးစကားက တရားဖြစ်ခဲ့ရတာပါပဲ။ လုပ်ငန်းရှင်အကြောင်းတော့ မပြောချင်တော့ဘူး။ ငါးဦးစီးဌာနက တာဝန်ရှိသူတွေကတောင် “ကျားဖောင်မှာဖြစ်တဲ့ကိစ္စက လုပ်ငန်းရှင်မှာ တာဝန်မရှိလို့ ဆိုထားတယ် မဟုတ်လားတဲ့”။ အလုပ်သမားသမဂ္ဂလား။ ရှိတော့ရှိတယ်။ သူတို့လည်း လက်လှမ်းမီတဲ့ အခြေအနေမှာ ရှိဟန်မတူဘူး။ အလုပ်ရှင် အလုပ်သမား စာချုပ်မပြောနဲ့၊ တရားဝင်မှတ်ပုံတင်တာတောင် ၁၂၄၀ ပဲရှိတာ။ အလုပ်သမား ၃၇၂ဝ ပဲ ရှိသတဲ့။ ကျန်အလုပ်သမားတွေမှာ ရေလုပ်သားကတ်လည်း မရှိ၊  စာချုပ်လည်း မရှိ။ သမဂ္ဂလည်း မသိ။ ဒီလိုအခြေနေမျိုးမှာ ကျားဖောင်လုပ်သားအတွက် အားထားရာမရှိခဲ့ရိုး အမှန်ပါ။ သေချာတာက ကျားဖောင်ရေလုပ်သားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတရပ် ရှိမနေခြင်းပါပဲ။ မြန်မာနိုင်ငံရဲ့ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက် ရေထွက်ကုန်ရဲ့ ၆၅ ရာခိုင်နှုန်းလောက်ဟာ ကျားဖောင်တွေကို မှီခိုနေရတာပါ။ နှစ်စဉ် ကျားဖောင်လုပ်သား ၃၀၀၀၀ လောက်ဟာ အလုပ်ပင်ပန်းသလောက် လုပ်အားခငွေဟာ မကာမိခဲ့သလို ဘဝလုံခြုံမှုလည်း ကင်းမဲ့လွန်းနေတာကို တွေ့နေရတယ်။ ဒီအပူကို ဘယ်သူကူလို့ ငြှိမ်းပေးနိုင်ပါ့မလဲ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဒဂုံတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားတဦး လူကုန်ကူး ရောင်းစားခံရပြီး ပင်လယ်ကျားဖောင်မှာ အလုပ်ရှင်ရဲ့ ညှဉ်းပန်းနှိပ်စက် အဓမ္မ အလုပ်ခိုင်းစေခံခဲ့ရတဲ့သတင်း ပေါ်ထွက်ခဲ့သလို အလားတူ အဓမ္မခိုင်းစေခံနေရတဲ့သူတွေလည်း ရေလုပ်ငန်းခွင်တွေမှာ အများအပြား ရှိနေဆဲလို့ သိရပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး ကျားဖောင်လုပ်ငန်းရှင်တွေ၊ အလုပ်သမားဝန်ကြီးဌာနတွေ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ အလုပ်သမားသမဂ္ဂတို့၊ အာမခံကုမ္ပဏီတို့အပြင် လူကုန်ကူးမှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ကပါ  ပူးပေါင်းအဖြေရှာဖို့ အချိန်သင့်နေပါပြီ။ ဒီလိုမှ အလျင်အမြန် အရေးယူ ဆောင်ရွက်မှုတွေ မလုပ်ဆောင်ဘူးဆိုရင် များမကြာခင်ကာလမှာ ထိုင်းနိုင်ငံမှာ ကြုံတွေ့နေရသလို မြန်မာရေထွက်ကုန်လုပ်တွေကို  နိုင်ငံတကာက မဝယ်ကြတော့ဘဲ ပိတ်ဆို့တားမြစ်မှုတွေ လုပ်လာရင် အကျိုးဆက်အဖြစ် မြန်မာ့ရေလုပ်ငန်းနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးကို အကြီးအကျယ် ထိခိုက်မှုတွေ ဖြစ်လာနိုင်တာပါ။  ဒါ့ကြောင့် နိုင်ငံတော်အနေနဲ့ ရေလုပ်သား အကာကွယ်ပေးရေး ဥပဒေတရပ်ကို ပြဋ္ဌာန်းဖို့နဲ့  ကျားဖောင်တွေအပါအဝင် ပင်လယ်ပြင်ရေလုပ်ငန်းခွင်မှာ တရားဥပဒေစိုးမိုးရေးရှိဖို့ မေတ္တာရှေ့ထားလို့ နှိုးဆော်တင်ပြလိုက်ရပါတယ်။ ထွန်းဇော်ဌေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024