ရှမ်းနှစ်သစ်ကူးပွဲတော် မန္တလေးတွင် ကျင်းပ
Aung Aung Naing
·
November 27, 2019
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ရှမ်းတိုင်းရင်းသားရုံးဝင်းမှာ ရှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ညက ကျင်းပပါတယ်။
ရှမ်းနှစ်သစ်ကူးပွဲတော်မှာ ရှမ်းရိုးရာ အကများ၊ ဓားသိုင်း၊ လက်သိုင်း၊ တုတ်သိုင်း၊ ကန္နရီကန္နရာအက၊ တိုးနယားအကတွေနဲ့ ကပြဖျော်ဖြေခဲ့ပါတယ်။
ခုအချိန်ဟာ နိုင်ငံရဲ့အရေးကြီးတဲ့ အချိန်ရောက်နေပြီဖြစ်လို့ တိုင်းရင်းသားအားလုံး ညီညွတ်ကြဖို့ ပွဲတော်ကို တက်ရောက်လာတဲ့ မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။
“ဒီကနေ့ ကျနော်တို့တမျိုးသားလုံးအတွက် တနိုင်ငံလုံးအတွက်ပါ ကြီးမားတဲ့အရေး ကြီးမားတဲ့ စိန်ခေါ်မှုကို တွေ့ကြုံနေရပြီဖြစ်တယ်။ ဒီတမျိုးသားလုံးကြုံတွေ့နေရတဲ့ ပြဿနာအဆိုင်အခဲကြီးကို ကျနော်တို့ရဲ့လူထု ခေါင်းဆောင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်ပြီးတော့ ဒီကနေ့ ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းမယ့်ကာလလည်း ဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြောကြား သွားသလိုပဲ အရေးကြီးလျင်ဖြင့် သွေးနီးရာဆိုသကဲ့သို့ ကိုင်း... ထထကြွကြွနဲ့ ဝိုင်းကြပေရော့ လို့ ဆရာကြီးကျနော်တို့ကို မှာကြားသွားခဲ့တယ်။ ဒါကြောင့်မို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျာ အရေးကြုံနေပြီဖြစ်တဲ့အတွက် ကိုင်း ထထကြွကြွနဲ့ ဝိုင်းကြပါစို့”လို့ ပြောပါတယ်။
ရှမ်းတိုင်းရင်းသားနှစ်သစ်ကူးပွဲတော်ကို ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနဲ့ တာဝန်ရှိသူတွေအပါအဝင် ရှမ်းတိုင်းရှင်းသား ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။