မြန်မာ-ကိုရီးယား ရေလုပ်ငန်းအပါအဝင် ကဏ္ဍ ၃ ခုပူးပေါင်းဆောင်ရွက်ရန် သဘောတူ
DVB
·
November 27, 2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာနဲ့ တောင်ကိုရီးယားနိုင်ငံအကြား ရေလုပ်ငန်း၊ သက်မွေးဝမ်းကျောင်းပညာနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍ ၃ ခုမှာ ပူးပေါင်းဆောင်ရွက်ဖို့ အမ်အိုယူ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။
“ရေလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ”၊ “နည်းပညာနှင့် သက်မွေးဝမ်းကျောင်းပညာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ”နဲ့ “ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ” တို့ကို မြန်မာနဲ့ ကိုရီးယားအစိုးရ တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးခဲ့ကြတာပါ။
ဘူဆန်မြို့မှာ နိုဝင်ဘာ ၂၆ ရက် ညနေက ကျင်းပတဲ့ နှစ်နိုင်ငံတွေ့ဆုံပွဲနဲ့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို မြန်မာဘက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဦးဆောင်တက်ရောက်ပြီး တောင်ကိုရီးယားနိုင်ငံဘက်က သမ္မတ မစ္စတာမွန်ဂျေအင်းက ဦးဆောင်တက်ရောက်ပါတယ်။
နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲမှာတော့ လက်ရှိ ချစ်ကြည်ရင်းနှီးမှု ဆက်လက်တိုး တက်ခိုင်မာ စေရေး၊ မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့တဲ့ သမ္မတ မွန်ဂျေအင်းရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သဘောတူခဲ့သောကိစ္စရပ်တွေ အကောင်အထည်ဖော်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အခြေခံအဆောက်ဦနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၊ ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီး အစည်းအဝေး နဲ့ တခြား ဆက်စပ် အစည်းအဝေးတွေ တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ- Korea President