Home
မြန်မာသတင်း
ရသေ့တောင်တွင် တိုက်ပွဲပြင်းထန်၊ ရေတပ်သင်္ဘောကို ရှော့တိုက်ဒုံးများဖြင့် အေအေ ပစ်ခတ်
ဝဏ္ဏခွာညို
·
November 26, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ မေယုမြစ်ကြောင်းမှာ ရပ်နားထားတဲ့ တပ်မတော်ရေတပ် သင်္ဘောတစီးကို ရက္ခိုင့်တပ်တော်အေအေက နိုဝင်ဘာ၂၅ ရက် ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။ “ရသေ့တောင်နားမှာ ကျနော်တို့  Navy တစီးရပ်ထားတာပေါ့နော်၊ မေယုမြစ်တလျှောက် ကျနော်တို့ လုံခြုံရေးလုပ်နေတဲ့နေရာပေါ့။ အဲ့ဒီယာဉ်ကို အနောက်ဘက်ကမ်းကနေပြီး ကြာပြင်ရင်း ကနေ ပြီးတော့မှ ရှော့တိုက်ဒုံး နှစ်လုံးနဲ့ပစ်တာ၊ ရှော့တိုက်ဒုံးက ကျော်ကျတာပေါ့နော်၊ ရေယာဉ်တော့ မနာပါဘူး။ ပစ်တာက မနက်ပိုင်းမှာ တကြိမ် ညနေပိုင်းမှာ တကြိမ်ပစ်တာ။” နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းမှာတော့ ရသေ့တောင်မြို့နယ်က ကျောက်တန်းနဲ့ လိုင်ဂွင်ကျေးရွာကြား၊ အမျက်တောင်နဲ့ ဇီးခေါင်းရွာကြားနေရာတွေမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီ တပ်မတော်က ရဟတ်ယာဉ် နှစ်စီးနဲ့ လာရောက်တိုက်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရက္ခိုင့်တပ်တော်အေအေက တပ်မတော်ရေယာဉ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်လို့အပြီးမှာ တပ်မတော်ဘက်က အမြောက်တွေနဲ့ပြန်လည်ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် နတ်ချောင်း၊ ပြာပင်ရင်း၊ သာစည်၊ ခွေးတောက်ချောင်း၊ ခွဆုံ၊ ကညင်ချောင်း၊ ရန်အောင်ပြင်စတဲ့ကျေး ရွာအနီးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ အမျက်တောင်၊ ရေစိုးချောင်းကျေးရွာ အနားတဝိုက်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်နေတာ ၄ ရက်ကြာရှိနေပြီ ဖြစ်ပါတယ်။  နိုဝင်ဘာ ၂၅ ရက်က ရသေ့တောင်မြို့ မေယုမြစ်ထဲကနေ တပ်မတော် ရေတပ်က  လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေရှိတာကြောင့် အေအေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုက ကပြောပါတယ်။ “တိုက်ပွဲဖြစ်တဲ့နေရာက အမျက်ကျေးရွာအနားတဝိုက်မှာ ဖြစ်တယ်။ ပြီးတော့ ရေစိုးချောင်း ပတ်ဝန်းကျင်တဝိုက်မှာဖြစ်တယ်။ ဒီနေ့လည်း တိုက်ပွဲက ဆက်ပြီးတော့ဖြစ်နေတယ်။ အဲ့ဒီနေရာတွေမှာ ဒီနေ့နဲ့ဆိုရင် တိုက်ပွဲဖြစ်နေတာ ၄ ရက်လောက်ရှိပြီနော်။ တိုက်ပွဲက ပြင်းထန် နေတယ်။ ပြီးတော့ မနေ့ က မေယုမြစ်ထဲမှာ ရပ်နားထားတဲ့ ဗမာစစ်တပ်ရဲ့ရေတပ်သင်္ဘောတစီးကို ကျနော်တို့ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်။ သင်္ဘော တော်တော်လေး ထိသွားတယ်။ မီးခိုတလူလူ ထွက်သွားတာ တွေ့ရတယ်။” ရသေ့တောင်ဒေသခံတဦးက “ရေစိုးဗျူဟာကုန်းက နေ့တိုင်း၊ ဘယ်ချိန်မဆိုတာ မရှိဘူး။ နေ့တိုင်း ပစ်ခတ်နေတယ်။ ပြီးတော့ ရသေ့တောင် သင်္ဘောကလည်း ပစ်ခတ်တယ်။ မနေ့ မနက်ပိုင်းကလည်း ပစ်တယ်။ ဘူးသီးတောင်မြို့ကျော်ပြီးတော့ အဲ့ဒီမေယု မြစ်ကြောင်းကနေ လှမ်းပစ်နေတာ။ မနေ့ဆိုရင် တနေ့ကုန်ပစ်နေတာ။ ညအထိပစ်နေတယ်။ ညရောက်တော့ မီးတွေ တရဲရဲသွားနေတွေတောင် အကုန်မြင်နေရတယ်” လို့ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေ တိုက်ပွဲဖြစ်တွေဖြစ်လာတာအခုဆိုရင် ၁ နှစ်ပါး လောက်ရှိလာပြီးဖြစ်ပေမယ့် တိုက်ပွဲတွေ မရပ်ဘဲပိုမိုပြင်းထန်လာနေပြီး ဒီတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူပေါင်း ၉၀၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024