DVB Logo
Home
မြန်မာသတင်း
ပဲရစ်ကလပ်က မြန်မာ့ကြွေးမြီ ၆ ဘီလီယံကျော် လျော်ပစ်ရန် သဘောတူ
DVB
·
January 29, 2013
Donate to DVB

မြန်မာနိုင်ငံက တင်ရှိနေတဲ့ ပဲရစ်ကလပ် အဖွဲ့ဝင် ၁၁ နိုင်ငံရဲ့ ကြွေးမြီ ၆၀ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ကို လျော်ပစ်ဖို့ သဘောတူညီမှုရခဲ့ပြီလို့ မြန်မာအစိုးရပိုင် မီဒီယာတွေကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာက ပဲရစ်ကလပ်ပေါ်မှာ တင်ရှိနေတဲ့ ကြွေးမြီ ဒေါ်လာ ၁၀.၃၂၇ ဘီလီယံထဲကနေဒေါ်လာ ၆.၁၉၂ ဘီလီယံကို လျော်ပေးဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

ပဲရစ်ကလပ် အဖွဲ့ဝင်နိုင်ငံတွေက ကြွေးမြီ ဒေါ်လာ ၅.၉၂၅ ဘီလီယံ လျော်ပေးခဲ့တာ ဖြစ်ပေမယ့် နော်ဝေနိုင်ငံက ဒေါ်လာ ၅၃၄ သန်း အကြွေးအားလုံးနဲ့ ဂျပန်ကလည်း ကြွေးမြီ ၆၀ ရာခိုင်နှုန်းကို လျော်ပေးခဲ့တဲ့အတွက် ဒေါ်လာ ၆ ဘီလီယံကျော် သက်သာခဲ့တာလည်း ဖြစ်ပါတယ်။

ဘဏ္ဍာရေး ၀န်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ပါရီကလပ် ဥက္ကဋ္ဌ ပါအ၀င် ကလပ်အဖွဲ့ဝင် နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ဇန်န၀ါရီလ ၂၄ ရက်နေ့မှာ ဆွေးနွေးပြီး အခုလို အကြွေးတွေ လျော်ပေးဖို့ ဆွေးနွေးနိုင်တယ်လို့ အစိုးရထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

ပဲရစ်ကလပ်အပေါ် ကျန်နေတဲ့ ကြွေးမြီတွေကို ဆိုင်းငံ့ကာလ ၇ နှစ်အပါအ၀င် ၁၅ နှစ်အတွင်းမှာ ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။

မြန်မာဘက်က ကြွေးမြီအားလုံးရဲ့ ၆၇ ရာခိုင်နှုန်းကို လျော်ပစ်ပြီးတော့ ကျန်ကြွေးမြီတွေကို ဆိုင်းငံ့ကာလ ၇ နှစ် အပါအ၀င် ပြန်ဆပ်ကာလ ၂၃ နှစ် ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။

ပဲရစ်ကလပ်အနေနဲ့ ယခင်အဆိုပြုထားချက်က ကြွေးမြီအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းကို လျော်ပစ်ပြီးတော့ ကြွေးမြီတွေကို ဆိုင်းငံ့ကာလ ၅ နှစ် အပါအ၀င် ပြန်ဆပ်ကာလ ၁၅ နှစ်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။

ပဲရစ်ကလပ်မှာ ပြင်သစ်၊ ဖင်လန်၊ အီတလီ၊ ဂျပန်၊ နော်ဝေ၊ နယ်သာလန်၊ အင်္ဂလန်၊ ဒိန်းမတ်၊ ကနေဒါ၊ ဩစတြီးယားနဲ့ ဂျာမနီစတဲ့ နိုင်ငံတွေနဲ့ အမြဲတမ်းအဖွဲ့ဝင် ၁၉ နိုင်ငံရှိပါတယ်။

အလားတူ မြန်မာက ၁၉၇၃ ခုနှစ်မှာ ကမ္ဘာ့ဘဏ်က ချေးယူထားတဲ့ ကြွေးမြီတွေကိုလည်း ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဘဏ် (JBIC) ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ စာရင်းရှင်းလင်းဖို့ ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။

ဇန်န၀ါရီ ၂၅ ရက်နေ့မှာ JBIC ထံကနေ အမေရိကန် ဒေါ်လာ သန်း ၄၃၀ ချေးယူပြီးတော့ ကမ္ဘာ့ဘဏ် ကြွေးမြီ ဒေါ်လာ သန်း ၄၃၀ ကို ပြန်ဆပ်ခဲ့ပါတယ်။ ဒီလိုဆပ်လိုက်တဲ့အတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၄၃၀ ထပ်ပေးချေးခဲ့ပြီး ရလာတဲ့ငွေကို JBIC ကို ပြန်လည် ပေးဆပ်လိုက်ပါတယ်။ ဒီအတွက် ကမ္ဘာ့ဘဏ်မှာ ဒေါ်လာ ၄၃၀ သန်း တင်ရှိနေမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကျေးရွာ ၆၄၀ က ကျောင်းများ၊ ဆေးပေးခန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ စတဲ့ အခြေခံ အဆောက်အဦတွေ တိုးတက်စေဖို့အတွက် ဒေါ်လာ သန်း ၆၀ ကို ၆ နှစ်အတွင်း ကမ္ဘာ့ဘဏ်က ထောက်ပံ့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013