အန်ဒီအက်ဖ်ပါတီ မြို့နယ်ပေါင်း ၅၀ တွင် ရွေးကောက်ပွဲဝင်ပြိုင်မည်
သူဇာလင်း
·
November 26, 2019
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသတွေအပါအဝင် မြို့နယ်ပေါင်း ၅၀ လောက်အထိ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (အန်ဒီအက်ဖ်) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနဲ့ နေပြည်တော် မဲဆန္ဒနယ်တွေကို အဓိကထားဝင်ပြိုင်မယ့်အပြင် ကျန်တဲ့ ပြည်နယ်နဲ့တိုင်းဒေသတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်စာရင်းကို ထုတ်ပြန်သွားမယ်လို့ လည်းပြောပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လုံခြုံရေးအခက်အခဲတွေကြောင့် မြို့နယ်ပေါင်း ၂၀၀လောက်သာ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါကြောင့် အစိုးရတရပ်အနေနဲ့ အာဏာရပါတီ အင်အားနည်းတဲ့ မဲဆန္ဒနနယ်မြေတွေကို ချန်လှပ်ထားပြီး ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် အန်ဒီအက်ဖ်ပါတီအနေနဲ့ လက်ခံမှာ မဟုတ်သလို ရိုးသားတဲ့ လုပ်ရပ်မဟုတ်ဘူးလို့လည်း ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စီမံခန့်ခွဲမှုတွေမှာ နိုင်ငံရေးပါတီတွေရဲ့ သဘောထားကိုရယူဖို့ လိုအပ်သလို ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နိုင်ငံရေးပါတီတွေက မျှော်လင့်နေကြပါတယ်။
အန်အယ်လ်ဒီပါတီဝင်ဟောင်းတွေနဲ့ထူထောင်ထားတဲ့ အန်ဒီအက်ဖ်ပါတီဟာ ၂၀၁၀ ဇူလိုင်လ ၉ ရက်နေ့မှာ ပါတီမှတ်ပုံတင်ရရှိခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲဆန္ဒနယ် ၁၆၅ နေရာ ဝင်ပြိုင်ပြီး ၁၆ နေရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ တနေရာမှ အနိုင် မရခဲ့ပါဘူး။