Homeဆောင်းပါး
လမ်းတကာအရပ်ရပ် ဝရမ်းစာကပ်ပါလို့ (သို့မဟုတ်) အပြည်ပြည်ဆိုင်ရာ တရားရုံး International Court of Justice - (ICJ)
လမ်းတကာအရပ်ရပ် ဝရမ်းစာကပ်ပါလို့ (သို့မဟုတ်) အပြည်ပြည်ဆိုင်ရာ တရားရုံး International Court of Justice - (ICJ)
DVB
·
November 26, 2019
ကျနော်တို့ ငယ်စဉ်က မြို့တော်သိန်းအောင်၊ မြို့တော်ပေါစံတို့၏ အစ်ကို မြို့တော်မြစိန် ကပြသည့် “ကွမ်းဆော်ကြောင်းဖြူ” ဇာတ်မှာ အလွန်နာမည်ကြီးသည်ဟု မိဘများ ပြောပြသဖြင့် သိရှိရပါသည်။
ထိုဇာတ်တွင် ကွမ်းဆော်အဖြစ် ကပြသည့် မင်းသား မြို့တော်မြစိန်က ဘုရင့်တပ်များ၏ ဖမ်းဆီးမှုကို ရှောင်ပြေးနေရသည့် ဝရမ်းပြေးအဖြစ် “လမ်းတကာအရပ်ရပ် ဝရမ်းစာကပ်ပါလို့ ခင်ဗျာ” ဟု ငိုချင်းချသည့်အခါ ပရိသတ်များ မျက်ရည်ကျရသည်ဟု ဆိုသည်။ ယခုလည်း မြန်မာနိုင်ငံအခြေအနေမှာ လမ်းတကာအရပ်ရပ် ဝရမ်းစာကပ်ခံရသည့် အနေအထား ရောက်နေပါပြီ။
လတ်တလော ကမ္ဘာသတင်းစာများတွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် တရားစွဲသည့်ကိစ္စ ဂယက်ထနေသည်။ ဤဆောင်းပါးတွင် ယင်းကိစ္စ အမှား၊ အမှန်ကို ဝေဖန်ရန် မရည်စူးပါ။ ယခင်ကလည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ ယင်းမြစ်မူလဖြစ်သော ရောမသဘောတူစာချုပ် (Rome Statute) နှင့် ဝင်ရောက်ကာကွယ်ခွင့် (Right to Protect R2P) တို့အကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသော သာမန်ပြည်သူများအတွက် ICJ နှင့် မိတ်ဆက်ပေးလိုက်ပါသည်။
ICJ ပေါ်ပေါက်လာပုံ
အပြည်ပြည်ဆိုင်ရာတရားရုံးကို ကမ္ဘာ့တရားရုံး(World Court) ဟုလည်း ခေါ်ဝေါ်ကြပါသည်။ ICJ သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ ပင်မတရားစီရင်ရေးအဆောက်အအုံ ဖြစ်သည်။ ICJ ၏ အဓိကတာဝန်များမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေအငြင်းပွားမှုများနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများက လျှောက်ထားလာမှုအပေါ် ဖြေရှင်းပေးရန်နှင့် ကုလသမဂ္ဂအဖွဲ့ကြီးက တင်သွင်းလာသည့် ဥပဒေပြဿနာများအပေါ် အကြံပြုထင်မြင်ချက်ပေးရန် ဖြစ်သည်။ ICJ ၏ အကြံပြုချက်များ၊ သုံးသပ်ချက်များနှင့် စီရင်ဆုံးဖြတ်ချက်များသည် အပြည်ပြည်ဆိုင်ရာဥပဒေ (International Law) ၏ အရင်းအမြစ်တခု ဖြစ်သည်။
ICJ သည် နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations) အဖွဲ့ကြီးက 1920-1922 တည်ထောင်ခဲ့သော “အပြည်ပြည်ဆိုင်ရာတရားစီရင်ရေး အမြဲတမ်းတရားရုံး” (Permanent Court of International justice – PCIJ) ကို ဆက်ခံခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့်အခါ နိုင်ငံပေါင်းချုပ်အသင်းကြီးကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး PCIJ ကို ICJ က ဆက်ခံခဲ့သည်။ ICJ ၏ ဖွဲ့စည်းပုံစည်းမျဉ်းစာချုပ်သည် PCIJ ပါ ပြဋ္ဌာန်းချက်အများစုကို ဆက်ခံခဲ့ခြင်းဖြစ်ပြီး PCIJ ၏ ဆုံးဖြတ်ချက်များကို ဆက်လက်အတည်ပြုခဲ့သည်။
ICJသည် နယ်သာလန်နိုင်ငံ သည်ဟိဂ် (The Hague) မြို့တွင် တည်ရှိသည်။ တရားရုံးသုံး ဘာသာစကားမှာ အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာတို့ ဖြစ်သည်။
နောက်ခံသမိုင်းအကျဉ်း
အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန်အလို့ငှာ ပထမဆုံး တည်ထောင်ခဲ့သည့် အမြဲတမ်းခုံရုံးမှာ “အမြဲတမ်းခုံသမာဓိရုံး” (Permanent Court of Arbitration- PCA) ဖြစ်သည်။ ဤခုံရုံးကို ၁၈၉၉ ခုနှစ် သည်ဟိဂ် ငြိမ်းချမ်းရေးကွန်းဖရင့်(The Hague Peace Conference) မှ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ကွန်းဖရင့်ကို ထိုစဉ်က ရှရှားဇာဘုရင် နီကိုလပ်စ် (၂)က ဦးဆောင် ဦးရွက်ပြုပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နိုင်ငံငယ်များ ပါဝင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းမှ စစ်ပွဲဆိုင်ရာ စည်းမျဉ်းများနှင့် ပတ်သက်၍ ဘက်စုံသဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြသည်။
ယင်းတို့အနက် “အပြည်ပြည်ဆိုင်ရာ သဘောကွဲလွဲချက်များ ဖြေရှင်းရေး ပစိဖိတ် ကွန်ဗန်းရှင်း” (Convention for the Settlement of International disputes) ပါဝင်သည်။ PCA သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်တွင် ရုံးထိုင်သည်။ ညှိနှိုင်းဖျန်ဖြေရေးခုံသမာဓိရုံး၏ ဖွဲ့စည်းပုံနှင့် လုပ်ထုံးနည်းလမ်းများကို ချမှတ်အကောင်အထည်ဖော်နိုင်ခဲ့သည်။ ညှိနှိုင်းဖျန်ဖြေသူများကို ကွန်ဗန်းရှင်းအဖွဲ့ဝင်များနှင့် အငြင်းပွားနိုင်ငံများက ရွေးချယ်ခန့်ထားကြသည်။ PCA ကို ၁၉၀၀ ခုနှစ်တွင် စတင်တည်ထောင်သည်။ ၁၉၀၂ ခုနှစ်တွင် လုပ်ငန်း စတင်သည်။
ဒုတိယအကြိမ် သည်ဟိဂ် ငြိမ်းချမ်းရေး ကွန်ဖရင့်ကို ၁၉၀၇ ခုနှစ်တွင် ကျင်းပသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများ တက်ရောက်ပြီး မူလကွန်ဗန်းရှင်းကို ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ကြသည်။ ညီလာခံအတောအတွင်း အမေရိကန်ပြည်ထောင်စု၊ ဂရိတ်ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့က အချိန်ပြည့်တရားသူကြီးများ ပူးတွဲရုံးထိုင်သည့် အမြဲတမ်းတရားရုံးတရုံး တည်ထောင်ရန် ပူးတွဲအဆို ပြုခဲ့ကြသည်။ တရားသူကြီးများ ရွေးချယ်ပုံနှင့် ပတ်သက်၍ သဘောတူညီမှု မရရှိသည့်အတွက် ပြဿနာကို နောင်ညီလာခံများတွင် ဖြေရှင်းရန် ရွှေ့ဆိုင်းခဲ့ကြသည်။ သို့ရာတွင် ဤအယူအဆမှ “ဗဟိုအမေရိကတရားရုံး ” (Central Ametican Court of Justice) ပေါ်ပေါက်လာစေခဲ့သည်။ ဒေသဆိုင်ရာ တရားစီရင်ရေးအတွက် တည်ထောင်သည် အစောဆုံးတရားရုံးများတွင် ပါဝင်ပြီး ၁၉၀၈ ခုနှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
လူသားမျိုးနွယ်စု၏ ကံကြမ္မာအရ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့ပြီး သွေးချောင်းစီးခဲ့ကြသည်။ ၁၉၁၉ ခုနှစ် ပါရီငြိမ်းချမ်းရေးကွန်ဖရင့်မှ နိုင်ငံပေါင်းချုပ်အသင်းကြီး ပေါ်ထွန်းလာခဲ့သည်။ ယင်းမှ တဆင့် PCIJ အဖွဲ့ကြီး ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံပေါင်းချုပ်အသင်းကြီး၏ ရည်ရွယ်ချက်မှာ PCIJ မှတဆင့် အငြင်းပွားမှုများကို ဖြေရှင်းပြီး နောင်ကမ္ဘာစစ်ကြီး ပေါ်ပေါက်မလာစေရန် တားဆီးဖို့ ရည်ရွယ်ခြင်းဖြစ်သည်။ သို့ရာတွင် အာဏာငန်းဖမ်းမှု အမိုက်မှောင်ကြီးက လူသားမျိုးနွယ်တို့အား ဒုတိယကမ္ဘာစစ် ငရဲတွင်းထဲသို့ ထပ်မံပို့ဆောင်ခဲ့ကြသည်။ သို့အတွက် နိုင်ငံပေါင်းချုပ်အသင်းကြီးကို ဆက်ခံသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ကမ္ဘာ့စစ်ကို တားဆီးရန် ရည်ရွယ်ချက်ဖြင့်ပင် ICJ ကို တည်ထောင်ခဲ့ကြပါတော့သည်။
ICJ ထူထောင်ခြင်း
PCIJ အဖွဲ့ကြီး၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို ၁၉၄၀ ဖေဖော်ဝါရီလတွင် ချမှတ်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က ကမ္ဘာစစ်ကြီးအပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးတရုံးထူထောင်ရန် ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် ဗြိတိန်နိုင်ငံက ကမ္ဘာ့တဝန်းမှ ထင်ရှားကျော်ကြားသော ဥပဒေပညာရှင်များဖြင့် အပြည်ပြည်ဆိုင်ရာ မဟာမိတ်များကော်မတီ “Inter-Allied Committee” ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီက ICJ ဖွဲ့စည်းနိုင်ရန်အတွက် အခြေခံမူဝါဒများ ချမှတ်ပေးခဲ့ကြသည်။
၁၉၄၅ ခုနှစ်ဧပြီလတွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၌ ကမ္ဘာ့ဥပဒေပညာရှင် (၄၄) ဦး စုဝေးပြီး အပြည်ပြည်ဆိုင်ရာတရားရုံး ထူထောင်နိုင်ရေးအတွက် မူကြမ်းရေးဆွဲနိုင်ခဲ့သည်။ ICJ သည် ကုလသမဂ္ဂ၏ အစိတ်အပိုင်းတခု ဖြစ်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် ထည့်သွင်း ဖော်ပြထူထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၄၆ ခုနှစ် ဧပြီလတွင် PCIJ ကို ဖျက်သိမ်းပြီး ICJ ကို ထူထောင်ခဲ့ကြသည်။ PCIJ ၏ သဘာပတိဖြစ်သူ အယ်လ်ဆာဗေဒိုနိုင်ငံသား ဂျိုးဆေးဂူစတာဘို ဂွီယာရိုကိုပင် ICJ ၏ သဘာပတိအဖြစ် ရွေးချယ်တင်မြှာက်ခဲ့ကြသည်။ ICJ ၏ ပထမဦးဆုံး ကြားနာသည့်အမှုမှာ ၁၉၄၇ မေလတွင် ဗြိတိန်နိုင်ငံက အယ်ဘေးနီးယားနိုင်ငံအပေါ် တင်သွင်းသည့် အမှုဖြစ်သည်။
ဖွဲ့စည်းတည်ဆောက်ပုံ
ICJကို (၉)နှစ်သက်တမ်းအတွက် ရွေးချယ်ခံရသော တရားသူကြီး (၁၅) ဦးဖြင့် ဖွဲ့စည်းသည်။ အမြဲတမ်းခုံသမာဓိရုံး (PCA) က အမည်စာရင်းတင်သွင်းသည့် သူများထဲမှ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့က ရွေးချယ်တင်မြောက်ခြင်းဖြစ်သည်။ (၉) နှစ်သက်တမ်းဖြစ်သည်။ တနိုင်ငံထဲမှ နိုင်ငံသား(၂) ဦးတရားသူကြီး ဖြစ်ခွင့်မရှိ။ ICJ သည် ဗြိတိန်ရိုးရာဥပဒေ (Common Law)၊ တရားမဥပဒေ (Civil Law) နှင့် ဆိုရှယ်လစ်ဥပဒေတို့ကို အဓိက ဥပဒေစနစ်များ (Principal Legal Systems of the World ) အဖြစ် လက်ခံသည်။
တရားဝင်မဟုတ်သော နားလည်မှုအရ တရားရုံးအဖွဲ့ဝင်များကို ပထဝီအနေအထားအလိုက် သတ်မှတ်လျာထားမှု ရှိသည်။ အနောက်နိုင်ငံများအတွက် ၃ နေရာမှ ၅ နေရာ၊ အာဖရိကတိုက်အတွက် (၃) နေရာ (ပြင်သစ်စကားပြော တရားမဥပဒေကျင့်သုံးသည့် နိုင်ငံများအတွက် တနေရာ၊ အင်္ဂလိပ်စကားပြော ရိုးရာဥပဒေစနစ် ကျင့်သုံးသည့် နိုင်ငံများအတွက် တနေရာ၊ အာရပ်နိုင်ငံများ အတွက်တနေရာ)၊ အရှေ့ဥရောပနိုင်ငံများအတွက် (၂) နေရာ၊ အာရှနိုင်ငံများအတွက် (၃) နေရာနှင့် လက်တင်အမေရိကနှင့် ကရစ်ဗီယမ်နိုင်ငံများအတွက် (၂) နေရာတို့ ဖြစ်ပါသည်။
ICJ ၏ သမိုင်းအရ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံတို့က တရားသူကြီးတဦးစီ ပါလေ့ရှိသည်။ ခြွင်းချက်အားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၁၉၆၇ မှ ၁၉၈၅ ခုနှစ် အတွင်း ကိုယ်စားလှယ်လောင်း တင်သွင်းနိုင်ခဲ့ခြင်း မရှိပါ။ ထိုအတူ ဗြိတိန်နိုင်ငံသားတရားသူကြီး ဆာခရစ်စတို ဖာဂရင်းဝုဒ်သည် (Sir Christopher GreenWood) ၂၀၁၇ ခုနှစ် ဒုတိယ (၉) နှစ် သက်တမ်းအတွက် ပြန်လည်ရွေးခံနိုင်ရန် လုံခြုံရေးကောင်စီ၏ ထောက်ခံမှု ရရှိခဲ့သော်လည်း အထွေထွေညီလာခံကြီးက ထောက်ခံမဲမပေးခဲ့သည့်အတွက် ဗြိတိန်နိုင်ငံသားတရားသူကြီး လစ်လပ်နေခြင်း ဖြစ်သည်။ ၎င်းအစား အိန္ဒိယနိုင်ငံသား ဒဲလ်ဗီးယားဗန်ဒါရီက ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။
ICJ ၏ တရားသူကြီးများ ရွေးချယ်ရာတွင် မည်သည့်နိုင်ငံသားမဆို ကိုယ်ကျင့်သိက္ခာ မြင့်မားပြီး သက်ဆိုင်ရာအမျိုးသားနိုင်ငံ၏ အမြင့်ဆုံးတရားရုံးတွင် တာဝန်ထမ်းဆောင်နိုင်ရန် အရည်အချင်း ပြည့်သူ (သို့) ထင်ရှားကျော်ကြားသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူ ရှေ့နေကြီးများကို ခန့်ထားလေ့ရှိကြသည်။ ICJ တရားသူကြီးတဦးသည် အခြားရာထူး လက်ခံခွင့်မရှိ။ ရှေ့နေ လိုက်ခွင့်မရှိ။
တရားသူကြီးတဦးအား ကျန်အဖွဲ့ဝင်များ၏ တညီတညွတ်တည်း ဆန္ဒမဲဖြင့်သာ ထုတ်ပယ်နိုင်သည်။ တရားသူကြီးများသည် စီရင်ချက်တွင် ပူးတွဲ လက်မှတ်ထိုးနိုင်ပြီး သဘောမတူပါက သီးခြားထင်မြင်ချက် ဖော်ပြနိုင်သည်။ အကြံပြုထင်မြင်ချက် (Advisory Opinions) ချမှတ်ရာတွင် မဲအရေအတွက် တူညီပါက သဘာပတိ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။ ဤဖြစ်စဉ်မှာ WHO အဖွဲ့ကြီးကတင်သွင်းသည့် “လက်နက်ကိုင် ပဋိပက္ခများတွင် အဏုမြူလက်နက်များ သုံးစွဲခွင့်၏ တရားဝင်မှု” (Legality of the Use by a State of Nuclear Weapons in Armed Conflict) အမှုတွင် ပေါ်ပေါက်ခဲ့သည်။ (1996 ICJ Reports 66)
အထူးတရားသူကြီးများ Ad Hoc Judges
ICJ စည်းမျဉ်းအပိုဒ် (၃၁) အရ အငြင်းပွားမှုကြီးများတွင် အထူးတရားသူကြီးများ ကြားနာခွင့် ရှိသည်။ အငြင်းပွားမှုတခုတွင် ပါဝင်သည့် နိုင်ငံတခုသည် ICJ တရားသူကြီးအဖွဲ့၌ မိမိနိုင်ငံသား မပါရှိပါက အထူးတရားသူကြီးအဖြစ် တဦးကို ရွေးချယ်ထည့်သွင်းခွင့် ရှိသည်။ သို့ရာတွင် ယင်းအထူးတရားသူကြီးမှာ ယင်းကိစ္စတရပ်တည်း ကြားနာရန်ဖြစ်သည်။ ထို့ကြောင့် အမှုတခုတွင် ICJ တရားသူကြီး (၁၅) ဦးနှင့် အထူးတရားသူကြီး (၂) ဦး၊ စုစုပေါင်း (၁၇) ဦး ကြားနာခွင့်ရှိမည် ဖြစ်သည်။
ယခု မြန်မာနိုင်ငံအမှုတွင်လည်း ICJ တရားသူကြီးများတွင် မိမိနိုင်ငံသား မပါရှိသဖြင့် (Additional Ad hoc Judge) အထူးတရားသူကြီး (၁) ဦး ခန့်ထားခွင့်ရမည် ဖြစ်သည်။
တရားခွင်များ (Chambers)
ယေဘုယျအားဖြင့် ICJ သည် စုံညီတရားခွင်ဖြင့် ကြားနာစီရင်လေ့ရှိသည်။ အပိုဒ် 26 to 29 ပြဋ္ဌာန်းချက်အရ ICJ သည် တရားသူကြီး (၃) ဦးမှ (၅) ဦးအထိ ပါဝင်သော တရားစီရင်ရေး အဖွဲ့ငယ်များဖြင့် ကြားနာစီရင်နိုင်သည်။ အပိုဒ် (၂၆) အရ တရားခွင် (၂) မျိုး တည်ထောင်ခြင်း ရှိသည်။ ပထမအမျိုးအစားမှာ အထူးအမှုအမျိုးအစားများကို ကြားနာနိုင်သော ခုံရုံးဖြစ်ပြီး ဒုတိယအမျိုးအစားမှာ သီးခြားအငြင်းပွားမှုများအတွက် ဖွဲ့စည်းသော အထူးခုံရုံး (Ad hoc Chamber) ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် ICJ ဖွဲ့စည်းပုံ အပိုဒ်-၂၆၊ ၁ အရ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အထူးခုံရုံးကို ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ယခုချိန်ထိ ဤရုံးကို အသုံးမပြုရသေး။
အထူးခုံရုံးများမှာ မကြာခဏ ဖွဲ့စည်းကြားနာရလေ့ရှိသည်။ ဥပမာအားဖြင့် ကနေဒါနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား အငြင်းပွားမှုဖြစ်သော “The Gulf of Maine Case” တွင် အထူးခုံရုံးများဖြင့် ကြားနာခဲ့သည်။ ယင်းအမှုတွင် အငြင်းပွားသူ (၂) နိုင်ငံလုံးက အထူးခုံရုံးတွင် နှစ်ဖက်စလုံး လက်ခံနိုင်သည့် တရားသူကြီးများကို ခန့်အပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ICJ က ဆောင်ရွက်မပေးလျှင် အမှုကို ပြန်လည်ရုပ်သိမ်းကြမည်ဟု သတိပေးခဲ့သည်။ အထူးခုံရုံးများ၏ စီရင်ချက်သည် ICJ စုံညီခုံရုံး၏ ဆုံးဖြတ်ချက်ကဲ့သို့ စည်းနှောင်မှုအား မကောင်းပေ။
ICJ ၏ ဆောင်ရွက်ချက်များသည် တရားစီရင်ရေးနယ်ပယ်ကို ကျယ်ပြန့်စွာ လွမ်းခြုံသည်။ ၁၉၈၆ ခုနှစ်တွင် နီကရာဂွါနှင့် အမေရိကန်ပြည်ထောင်စုကြား အငြင်းပွားသည့် အမှုကို နီကရာဂွါက ICJ တရားရုံးသို့ တင်သွင်းခဲ့သည်။ ICJ က အမေရိကန်ပြည်ထောင်စုသည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ကြောင်း သုံးသပ်ပြီး နီကရာဂွါကို အနိုင်ပေးခဲ့သည်။ အမေရိကန်ပြည်ထောင်စုက ICJ ၏ မလွဲမသွေ လိုက်နာရမည့် စီရင်ပိုင်ခွင့် (Compulsory Jurisdiction) မှ အသိအမှတ်မပြု နုတ်ထွက်ခဲ့သည်။ ဆင်ခြင်တုံတရား အခြေခံပေါ်တွင်သာ လိုက်နာမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အခန်း (၁၄) အရ လုံခြုံရေးကောင်စီသည် ICJ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည်။ သို့ရာတွင် အဆိုပါ အကောင်အထည်ဖော်မှုသည် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံ၏ ဗီတိုအာဏာအောက်တွင် အသက်မဝင်နိုင်ပေ။ ဤနည်းဖြင့် အမေရိကန်ပြည်ထောင်စုက နီကရာဂွါနှင့် ဖြစ်ပွားသော အငြင်းပွားမှုတွင် ICJ ၏ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့သည့်။ (ယခု ဂမ်ဘီယမ်နှင့် မြန်မာနိုင်ငံကြား ဖြစ်ပွားသော ကိစ္စတွင်လည်း လုံခြုံရေးကောင်စီ (၅) နိုင်ငံအနက် မိမိဘက်က ရပ်တည်မည့် ဗီတိုအာဏာရှင်ကို ရှာဖွေရမည် ဖြစ်ပေသည်။)
ဦးသိန်းသန်းဦး(မြန်မာနိုင်ငံရှေ့နေများကွန်ရက်)