Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နှင့် အာဆီယံသံအမတ်ကြီးများ တမူးမြို့တွင်တွေ့ဆုံ
Aung Ko Latt
·
November 26, 2019
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးမိုး‌ကျော်အောင် ဦးဆောင်တဲ့ အာဆီယံနိုင်ငံတွေက သံအမတ်ကြီးတွေဟာ နိုဝင်ဘာ ၂၅ ရက်နေ့က တမူးမြို့ က ရွှေကဘော်ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ကြပါတယ်။  သံအမတ်ကြီးတွေက နိုဝင်ဘာ ၂၄ မှ ၃၀ ရက်အထိ အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့မှာ ကျင်းပနေတဲ့ The Manipur Sangai Festival ပွဲတော်ဖွင့်ပွဲကို လာရောက်ကြတာဖြစ်ပြီး တဆက်ထဲမှာ မြန်မာနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့ကိုလည်း လေ့လာရေးအဖြစ် အလည်အပတ်ခရီး လာရောက်ကြတာ ဖြစ်ပါတယ်။  တိုင်းအစိုးရအဖွဲ့နှင့် သံအမတ်ကြီးတွေရဲ့တွေ့ဆုံပွဲကို ၁ နာရီခန့်အကြာ တံခါးပိတ်ကျင်းပ ခဲ့ပြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မြေပေါ်မြေအောက် သယံဇာတတွေပေါများလှတဲ့ စစ်ကိုင်းတိုင်းကို ရင်းနှီးမြှုပ်နှံရေးတွေ လာရောက်နိုင်ရေးသံအမတ်ကြီးတွေအနေနဲ့ မိမိတို့ နိုင်ငံက အစိုးရကို ပြန်လည်တိုက်တွန်းတင်ပြပေးကြဖို့ တောင်းဆိုခဲ့တယ်လို့ ဆွေးနွေး ပွဲတက်ရောက်ခဲ့သူ တမူးမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက ပြောပါတယ်။  တမူးမြို့ကို လာရောက်လည်ပတ်ကြတဲ့ သံအမတ်ကြီးတွေထဲမှာ အာဆီယံနိုင်ငံတွေက ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံကလွဲရင် ကျန်တဲ့ အာဆီယံနိုင်ငံတွေက သံအမတ်ကြီးတွေနဲ့ ဇနီးတွေ ပါဝင်ခဲ့ပါတယ်။  အစိုးရအဖွဲ့နဲ့တွေ့ဆုံအပြီးမှာ သံအမတ်ကြီးတွေက တမူးမြို့ နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းမှာ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက ဒေသထွက်ကုန်ပြပွဲကိုလည်း တက်ရောက်လေ့လာခဲ့ကြပါသေးတယ်။  အာဆီယံ သံတမန်အဖွဲ့ကို  ချင်းရိုးရာ၊ ရှမ်းရိုးရာ၊ မြန်မာ့ရိုးရာ အကအလှတွေနဲ့လည်း ကပြဖျော်ဖြေခဲ့ကြပြီး နေ့လည်ပိုင်းမှာ နယ်စပ်ဂိတ်ကတဆင့် အိန္ဒိယနိုင်ငံကို ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024