အိုင်စီဂျေအမှုကိစ္စ နိုင်ငံရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း
ပြည့်ဘုန်းအောင်
·
November 25, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ တရားစွဲခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားရေးတာဝန်တရပ်အနေနဲ့ နိုင်ငံရေး အင်အားစုတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့က တိုက်တွန်းလိုက်ပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်အောင်ဆန်းစုကြည် ဦးဆောင်ဖြေရှင်းမှာကို ထောက်ခံကြ ဖို့ ဒီအရေးကိစ္စဟာ နိုင်ငံရဲ့အရေးကြီးတဲ့ ကိစ္စတရပ်ဖြစ်တာကြောင့် နိုင်ငံရေးအင်အားစုတွေ သဘောထားမကွဲပဲ အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် တချို့က တိုက်တွန်းခဲ့တာပါ။
တပ်မတော်အနေနဲ့လည်း အစိုးရလမ်းညွန်မှုအောက်မှာ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဗဒိုမန်းငြိမ်းမောင် က ပြောပါတယ်။
မြန်မာနိုင်ငံကို ရခိုပြည်နယ်မြောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့ ကနေ ၁၂ ရက်နေ့အတွင်း နယ်သာလန်နိုင်ငံ သယ်ဟိတ်မြို့က ICJ တရားရုံးမှာ အမှုကြားနာပွဲကို တက်ရောက်ပြီး တရား ရင်ဆိုင်သွားမှာပါ။
ဘာသာရေးအဖွဲ့အစည်းတွေက ဦးဆောင်ပြီး နိုင်ငံတနိုင်ငံကို အခုလိုတရားဆွဲဆိုတာဟာ ဖြစ်သင့်တဲ့ကိစ္စ မဟုတ်ဘူးလို့လည်း တိုင်းရင်းသား ခေါင်းဆောင်တချို့က ဝေဖန်ကြပါတယ်။
အိုင်စီဂျေမှာ တရားရင်ဆိုင်ဖို့တပ်မတော်က အစိုးရဦးဆောင်မှုရဲ့အောက်မှာ လိုက်နာ ဆောင်ရွက်သွားမယ်လို့ ဒုတိယ စစ်ဥပဒေချုပ်က ပြောဆိုထားပြီး ဒီအရေးကိစ္စဟာ နိုင်ငံဂုဏ်သိက္ခာ အတွက် အရေးကြီးတာကောင် တပ်မတော်အနေနဲ့ အစိုးရကို အပြည့်အ၀ အကူအညီပေးဖို့ လိုအပ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြပြောဆိုကြပါတယ်။