ICJ တရားစွဲဆိုမှု အစိုးရ၏ဦးဆောင်မှုအောက် လိုက်နာဆောင်ရွက်မည်ဟု တပ်မတော်ပြော
DVB
·
November 24, 2019
ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုနဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ အစိုရရဲ့ဦးဆောင်မှုအောက် လိုက်နာဆောင်ရွက်မယ်လို့ စစ်ဥပဒေချုပ်ရုံးက ဗိုလ်ချုပ်သောင်းနိုင်က ပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။
“အခုတရားစွဲဆိုထားမှုဟာ အစိုးရရော တပ်မတော်ရော အားလုံးနဲ့သက်ဆိုင်ပါတယ် ။ဒါနဲ့ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပေါ့နော် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ICJ မှာ သွားရောက်ရင်ဆိုင်ဖို့ ဖြစ်ပါတယ်။ကျတော်တို့ တပ်မတော်အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ လိုက်နာပြီးတော့မှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက လိုအပ်လို့ရှိရင် ကျနော်တို့မှာရှိတဲ့ သက်သေအထောက်အထားတွေ စာရွက်စာတမ်းတွေကို လိုက်ပြီးတော့ဆောင်ရွက်ပေးမယ့်လို ဖြေကြားလိုပါတယ်”
အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို နိုဝင်ဘာလထဲမှာ တရားစွဲခဲ့တာပါ။
ဒါနဲ့ပတ်သက်လို့ ပြန်လည်တုံ့ပြန်ဖို့ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို နိုင်ငံတော်သမ္မတ အိမ်တော်မှာ နိုဝင်ဘာ ၂၃ ရက်က ရှင်းလင်းခဲ့ကြပါတယ်။
အဲဒီရှင်းလင်းပွဲကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ အမှုကို ဦးဆောင်ဖြေရှင်းမယ့် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ လွှတ်တော်ဥက္ကဋ္ဌတွေ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဉီးစီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနဲ့ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်တွေ တက်ရောက်ခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မှာဖြစ်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုချက်ကို တုံ့ပြန်ဖို့ မြန်မာနိုင်ငံအနေနဲ့နိုင်ငံတကာက ကျွမ်းကျင် ဥပဒေ ပညာရှင်ရှေ့နေတွေ ငှားရမ်းထားပြီးဖြစ်တယ်လို့ အတိုင်ပင်ခံရုံးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
အခုလို နိုင်ငံရဲ့အကျိုးစီးပွားကာကွယ်ဖို့နဲ့ တရားစွဲဆိုထားမှုနဲ့ပတ်သက်လို့ ထိထိရောက်ရောက်ဖြေရှင်းနိုင်ဖို့ နယ်သာလန်နိုင်ငံ The Hague မြို့ကို စေလွှတ်မယ့် ကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေမှာ ပူးတွဲကိုယ်စားလှယ်အဖြစ်ပါဝင်မယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂပဋိညာဉ်အရ အပြည်ပြည်ဆိုင်ရာတရားရုံးဟာ ကုလသမဂ္ဂရဲ့ တရားစီရင်ရေးဆိုင်ရာ အဓိကအစိတ်အပိုင်းဖြစ်တဲ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးဟာလည်း အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ အလိုအလျောက်အဖွဲ့ဝင်များ ဖြစ်တာ ကြောင့် အဖွဲ့ဝင်နိုင်ငံများကြားဥပဒေအရ အငြင်းပွားမှုရှိပါက ဖြေရှင်းဆုံးဖြတ်ပေးတဲ့ တရားရုံးဖြစ်ပါတယ်။
ဂမ်ဘီယာနိုင်ငံရဲ့တရားစွဲဆိုထားမှုနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတို့ဟာ နှုတ်နဲ့ လျှောက်လဲချက်တင်သွင်းဖို့ အပြည်ပြည်ဆိုင်ရာတရားရုံးက သတ်မှတ်ခဲ့ပါတယ်။