စပါးဈေး ကျဆင်းနေသဖြင့် ဖျာပုံလယ်သမားများ အရှုံးပေါ်
DVB
·
November 23, 2019
ပြီးခဲ့တဲ့ နှစ်ကထက် ဒီနှစ် စပါးစျေး ကျဆင်းနေတာကြောင့် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်က လယ်သမားတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွင်း ပြည်တွင်း စားသုံးမှု များပြားတဲ့ ပေါ်ဆန်း တောင်ပျံ၊ ဘေးကြား စတဲ့ အချောဆန်စပါးတွေ စိုက်ပျိုးနေတဲ့ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်အတွင်းက လယ်သမားတွေ မနှစ်ကထက် ဒီနှစ်မှာ စပါးတင်း ၁၀၀ ကို ကျပ် ၅ သိန်း ကျဆင်းနေတာကြောင့် ဆန်ချော စပါးစိုက်ပျိုးသူတွေ အရှုံးပေါ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။
“ဒီနှစ် မိုးစပါးက မနှစ်ကထက် အရင်းအနှီး ပိုများတယ်။ မနှစ်က ပေါ်ဆန်း တောင်ပျံစပါး တင်း ၁၀၀ ကို ၁၁ သိန်းဈေး ရောင်းရတယ်။ ဘေးကြားစပါးတင်း ၁၀၀ ကို ကျပ် ၉ သိန်းခွဲ၊ ၁၀ သိန်းရောင်းရတယ်။ ခုမိုးစပါးပေါ်ချိန်မှာ ဆန်ချောစပါးစျေးက ကျပ် ၆ သိန်း၊ ၆ သိန်းခွဲစျေးလို့သာ ပြောနေကြတာ၊ ဘယ်သူမှ ဝယ်မဲ့သူ မရှိဘူး။ အခု ၆ သိန်းစျေးနဲ့ဆို စပါးတင်း ၁၀၀ ကို ကျပ် ၅ သိန်း ကျဆင်းနေပြီး အရှုံးပေါ်နေပြီ” လို့ သမိန်ထော သိမ်ကုန်ကျေးရွာနေ စပါးစိုက်တောင်သူ ဦးဥက္ကာက ပြောပါတယ်။
အမာမြို့ ဒေးဒလူအုပ်စုကျေးရွာနေသူ စပါးစိုက်တောင်သူ ဒေါ်စန်းရီက “တောင်ပျံစပါးစိုက်တယ်၊ မနှစ်က လယ် ၁ ဧကကို စပါးတင်း ၄၅ တင်းမှ တင်း ၅၀ ထွက်တယ်။ ဒီနှစ်က ရာသီဥတုကြောင့် လယ် ၁ ဧကကို စပါးတင်း ၄၀ လောက်ပဲ မှန်းထားတယ်။ အခု စပါးစျေးနဲ့ဆို အရှုံးပေါ်နေပြီ” လို့ ပြောပါတယ်။
ဖျာပုံမြို့နယ်ဟာ ဆန်းစပါး အဓိက ဒေသထွက်ကုန်တခုဖြစ်ပြီး မိုးရာသီ စပါးစိုက်ပျိုးရာသီမှာ အဓိက ဆန်ချောစပါးများ စိုက်ပျိုးပြီး နွေစပါးရာသီချိန်မှာ ဆင်းသွယ်လက် စတဲ့ ဆန်ကြမ်းစပါးတွေ စိုက်ပျိုးလေ့ရှိသော ဒေသတခု ဖြစ်ပါတယ်။
ကျော်စိုးမိုး