Homeမြန်မာသတင်း
အိုင်စီဂျေ၌ အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာ့အကျိုးစီးပွား ကာကွယ်နိုင်လိမ့်မည်ဟု ရုရှားသံအမတ်ပြော
အိုင်စီဂျေ၌ အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာ့အကျိုးစီးပွား ကာကွယ်နိုင်လိမ့်မည်ဟု ရုရှားသံအမတ်ပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 22, 2019

အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်လိမ့်မယ်လို့ ရုရှားသံအမတ်ကြီးက ပြောပါတယ်။
နိုဝင်ဘာဘ ၂၂ ရက်နေ့က နေပြည်တော် MICC 2 မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကုန်သည် စက်မှု အသင်းချုပ်ရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနားကို တက်ရောက်လာတဲ့ ရုရှားသံအမတ်က အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာနိုင်ငံမှာ လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အိုင်စီဂျေတရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုထားတဲ့ အမှုကိစ္စ တုန့်ပြန်ဖို့ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ စေလွှတ်မယ့်အဖွဲ့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဦးဆောင်သွားရောက်မယ်လို့ အစိုးရက ကြေညာထားပါတယ်။
မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကာကွယ်ဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မှာ ဖြစ်ကြောင်းနဲ့ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုချက်ကိုတုန့်ပြန်နိုင်ဖို့ နိုင်ငံတကာ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်ရှေ့နေကြီးတွေကို ငှားရမ်းထားပြီးပြီလို့ အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ကုန်သည်စက်မှု အသင်းချုပ် ရာပြည့် အခမ်းအနားကိုတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
ကုန်သည်စက်မှု အသင်းချုပ်ကို ၁၉၉၁ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခမ်အနားမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ မြန်မာ့စီးပွားရေးနဲ့ အနာဂတ်အလားအလာ၊ စတုတ္တမြောက် စက်မှုအသွင်ကူးပြောင်းရေး စတဲ့ စကားဝိုင်းဆွေးနွေးပွဲတွေကို ကျင်းပခဲ့ပါတယ်။