ငွေဆောင်ကမ်းခြေ၌ စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်
DVB
·
November 22, 2019
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ငွေဆောင်ကမ်းခြေမှာ ကမ်းခြေရေရှည် သန့်ရှင်းသာယာလှပစေရေးအတွက် အခုနှစ် ခရီးသွားကာလ လာရောက်အပန်းဖြေကြတဲ့ ဧည့်သည်တွေကို စည်းကမ်းကန့်သတ်ချက်တွေ ထုတ်ထားတယ်လို့ ငွေဆောင်မြို့ စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။
စည်းကမ်းချက်တွေကတော့ ကမ်းခြေမှာ ဆိုင်ကယ်မစီးရ၊ မြင်းမစီးရ၊ စက်တပ်ယာဉ် မမောင်းရ၊ အမှိုက်တွေ၊ ပုလင်းတွေကို စည်းကမ်းမဲ့ မစွန့်ပစ်ရ စတဲ့စည်းကမ်းချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာလည်း ငွေဆောင်စည်ပင်က သတ်မှတ်ထားတဲ့စည်းကမ်းတွေကို ကျော်လွန်ကာ ဆိုင်ကယ်မောင်းနှင်တာ၊ သုံးဘီးဆိုင်ကယ်ငှားရမ်းတာတွေကို ဖမ်းဆီးပြီး ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးရုံးမှာ ပို့ဆောင်ထိန်းသိမ်းထားကြောင်း ငွေဆောင်မြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
စည်းကမ်းကန့်သတ်ချက်တွေ ထုတ်ပြန်ထားပေမယ့် လူမြင်သာအောင် ဆိုင်ဘုတ်ထောင်တာ၊ အသိပညာပေးတာတွေ ဆောင်ရွက်သင့်ကြောင်းနဲ့ တချို့ ဆိုင်ကယ်ခရီးသွားတွေမှာ လမ်းရှာမတွေ့ဖြစ်ကာ ကမ်းခြေမှာ ဖမ်းဆီးခံထားရတာတွေလည်း ရှိနေတယ်လို့ ပုသိမ်မြို့ခံ ကိုအာကာက ပြောပါတယ်။
ငွေဆောင်ကမ်းခြေဟာ ၉ မိုင်ကျော်ရှည်လျားပြီး မြန်မာနိုင်ငံရဲ့ အရှည်လျားဆုံး ကမ်းခြေတခုအဖြစ် မှတ်တမ်းဝင်ကာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေနဲ့ စည်ကားတဲ့ ကမ်းခြေတခုလည်းဖြစ်ပါတယ်။
သတင်း- ခိုင်မင်း