Home
မြန်မာသတင်း
တပ်မတော်က သံသယနှင့် ဖမ်းဆီးထားသူ ၁ ဦး ဒဏ်ရာပြင်းထန်ရပြီး အမ်းမြို့ဆေးရုံပို့ဆောင်  
DVB
·
November 22, 2019
69941823_1424794257668157_5839209309669425152_n
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ တပ်မတော်က သံသယနဲ့ ဖမ်းဆီးထားသူတဦးကို နိုဝင်ဘာ ၂၀ ရက်နေ့က အမ်းရဲစခန်းဆီလွှဲပြောင်းပေးခဲ့ရာမှာ ဒဏ်ရာပြင်းထန်ရထားတာကြောင့်  အမ်းမြို့ ပြည်သူဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ ကိုလှထွန်းဆိုသူဟာ တပ်မတော်က ဖမ်းဆီးစဉ် ရိုက်နှက်ခံရလို့ ဒဏ်ရာတွေရရှိကာ စိုးရိမ်ရတဲ့အတွက် နိုဝင်ဘာ ၂၁ ရက်နေ့မှာ အမ်းမြို့နယ်ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနမှာ လာရောက်ဆေးကုသမှုခံယူနေရတယ်လို့ ကိုလှထွန်းဇနီး မအေးအေးသန်းက ပြောပါတယ်။ “မနေ့က ရဲစခန်းကို လာအပ်တော့မှ သိရတယ်၊ ကျန်းမာရေး အခြေအနေက မကောင်းဘူးဖြစ်နေတယ်၊ လက်ကောက်ဝတ်တွေမှာဆိုရင် ကြိုးနဲ့တုပ် ထားတာလား၊ လက်ထိတ်အတင်းခတ်ထားတဲ့ဒဏ်ရာတွေ လားတော့မသိဘူး၊ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်၊ မျက်နှာတွေမှာလည်း သေနတ်ဒင်နဲ့ထုထားလားမသိဘူး၊ မျက်နှာတွေလည်း စုတ်ပြတ်သတ်နေတယ်၊ ခြေထောက်တွေမှာရောပဲ၊ လက်တဖက်မှာလည်း  ရောင်းကိုင်းပြီးတော့ ဆေးရုံတက်ပြီးမကုဘူးဆိုရင် ဖြတ်ရမယ့် အနေအထားရှိနေတယ်”  ကိုလှထွန်းရဲ့ ဒဏ်ရာဟာ များပြီးဆေးရုံတက်ရောက်ကုသဖို့ လိုအပ်နေတယ်လို့ ဆရာဝန်ကြီးကပြောဆိုထားသလို မတရားစွပ်စွဲကာ ဖမ်းဆီးခဲ့တာဖြစ်တဲ့အတွက် ပြန်လွှတ်ပေးပြီး ဆေးရုံမှာဆေးကုသခွင့်ရစေချင်တယ်လို့ ဇနီးဖြစ်သူ မအေးအေးသန်းက ပြောပါတယ်။ “ကျမအမျိုးသားကို တပ်မတော်စစ်ကြောင်းက ဖမ်းကတည်း သံသယနဲ့ဖမ်းဆီးသွားတာပါ၊ ဖမ်းဆီးပြီးတော့ ရဲလက်ကိုအပ်တော့မှ တွေ့ရတာပါ၊ တွေ့တဲ့အချိန်မှာလည်း နှိပ်စက်ခံထားရတယ်၊ ကျမအမျိုးသားက တံငါလုပ်ငန်းလုပ်ကိုင်နေတာပါ၊ အဲဒါကြောင့် ကျမအမျိုးသားမှာ အပြစ်မရှိတဲ့အတွက် ပြန်လွှတ်ပေးပြီးတော့ လွတ်လွတ်လပ်လပ် ဆေးကုသခွင့် ရစေချင်တယ်၊” အခုလို ကိုလှထွန်း ဖမ်းဆီးရိုက်နှက်ခံရတာနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ သူအနေနဲ့ သိရှိခြင်းမရှိသေးဘူးလို့ ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အမ်းမြို့မရဲစခန်းမှူးကို ဆက်သွယ်မေးမြန်းရာမှာတော့ စခန်းမှူးအနေနဲ့ အစည်းအဝေးတက်ရောက်နေလို့ နောက်မှဆက်သွယ်ဖို့ တာဝန်ရှိသူတဦးက ပြန်လည်ဖြေကြားပါတယ်။ ကိုလှထွန်းပါ(၅)ဦးကို နိုဝင်ဘာ ၁၁ ရက်က ရေပုတ်ကျေးရွာမှာ စခန်းချနေတဲ့ တပ်မတော် စစ်ကြောင်းက မသင်္ကာလို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ သတင်း- နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024