DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သား ၈ ဦး ကေအိုင်အေ ပြန်လွှတ်ပေးဟု အိုင်အယ်လ်အိုပြောကြား
DVB
·
January 25, 2013
ကလေးစစ်သား ၈ ဦး ကေအိုင်အေ ပြန်လွှတ်ပေးဟု အိုင်အယ်လ်အိုပြောကြား
Donate to DVB

ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ကချင်လက်နက်ကိုင်တပ်တွေက ဖမ်းဆီးရမိထားတဲ့ အစိုးရတပ်ဖွဲ့ဝင် ကလေးစစ်သား ၈ ဦးကို မကြာသေးခင်က ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) က ပြောပါတယ်။

ရန်ကုန် အိုင်အယ်လ်အိုရုံးက ဆက်ဆံရေးအရာရှိ စတိဗ်မာရှယ်က  “ဇန်န၀ါရီ ၁၄ ရက်နေ့က လူငယ်လေးတွေ ၈ ယောက် အိုင်အယ်လ်အိုဆီ ရောက်လာတာပါ။ သူတို့ကို ဘယ်လိုလွှဲပေးခဲ့သလဲဆိုတာကို လူသိရှင်ကြား အသေးစိတ် ပြောပြဖို့ အနေအထား ကျနော်မှာမရှိပါဘူး။ ကေအိုင်အေနဲ့  အစိုးရတပ်မတော် နှစ်ခုစလုံးက   ဒီလူငယ်လေးတွေ အိမ်ကို အနှောင့်အယှက်ကင်းကင်းနဲ့  ပြန်လာနိုင်အောင် အရမ်းကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်။ သူတို့ ကျန်းမာရေးကောင်းပြီး ၅ ဦးဟာ မိသားစုဆီပြန်သွားကြပြီ”လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုပြန်လွတ်လာတဲ့ ကလေးစစ်သားတွေကို အစိုးရက စစ်ပြေးတွေအဖြစ် အရေးယူ အပြစ်မပေးဖို့ အာမခံခဲ့တဲ့အကြောင်းနဲ့ ကလေးတွေပြန်လာဖို့ လူမူဖူလုံရေးဌာနက အားပေးကူညီမှုတွေ ပြုလုပ်ခဲ့ပြီး ယူနီဆက်ဖ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့တွေကလည်း ကလေးတွေ ပြန်လည်ထူထောင်ရေး အကူအညီတွေပေးဖို့ရှိတယ်လို့ အိုင်အယ်လ်အိုက ပြောပါတယ်။

ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဦးလနန်းကတော့  ဒီကလေးစစ်သားတွေဟာ အေအိုင်အေလက်ထဲမှာ ၁ နှစ်ကနေ ၆ လလောက်ထိ နေခဲ့ကြသူတွေဖြစ်ပြီး ခုချိန် ကချင်ဒေသမှာ စစ်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အရေးတကြီး ပြန်လွှတ်ပေးလိုက်တာလို့ ပြောပါတယ်။

“ကလေးစစ်သားနဲ့ ပတ်သက်ပြီး လက်ခံဖို့ အိုင်အယ်လ်အိုနဲ့ ပြန်အဆက်အသွယ် လုပ်တာပေါ့။ ဒါပေမယ့် အိုင်အယ်လ်အိုကလည်း ဒီဘက်ကိုလာဖို့အဆင်မပြေဘူး.ဖြစ်နေတယ်။ နောက်ဆုံးကျတော့ ဗဟိုဌာနချုပ်ပတ်ဝန်းကျင်မှာ စစ်တပ်က ထိုးစစ်အလုံးအရင်းနဲ့ လုပ်လာတော့ အလျင်အမြန်ဖြေရှင်းရမယ့် ကိစ္စဖြစ်လာလို့ အလျင်အမြန်လုပ်ရခြင်းဖြစ်ပါတယ်။ ဒီကလေးတွေရဲ့ ထွက်ဆိုချက်ကတော့ ရှေ့တန်းစခန်းတွေမှာ သူတို့က ကလေးဆိုတော့ အထက်အရာရှိပုဂ္ဂိုလ်တွေက မတရားခိုင်းစေတာမျိုး၊ နှိပ်စက်တာမျိုး၊ ရိုက်နှက်တာမျိုး၊ ခြိမ်းခြောက်တာမျိုး လုပ်လာတော့ ကလေးတွေကလည်း ဘာဖြစ်ဖြစ်ဆိုတဲ့ သဘောမျိုး ထွက်ပြေးလာတဲ့သဘောလည်းပါတယ်။ ထွက်ပြေးရင်းနဲ့ လမ်းမှာ ကျနော်တို့တပ်ဖွဲ့တွေနဲ့ တွေ့ပြီး အဖမ်းခံရတာလည်းပါတယ်။ တချို့ကတော့ တမင်သက်သက် ကေအိုင်အေ တပ်စခန်းရှိတဲ့နေရာကို လာအဖမ်းခံတဲ့ပုံစံနဲ့ လာတာတွေလည်း ရှိတယ်။”

ပြီးခဲ့တဲ့နှစ် ဇွန်လက မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအကြား  ကလေးစစ်သား အသုံးပြုမှု တားဆီးကာကွယ်ရေးနဲ့ စစ်တပ်ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် စုဆောင်းခြင်း ရှိ၊ မရှိ ၀င်ရောက်စစ်ဆေးခွင့်ပြုဖို့ သဘောတူ လက်မှတ်ရေးထားတာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ  အစိုးရက စစ်မှုထမ်း  ကလေးစစ်သားပေါင်း ၄၀ ကျော်  လောက် ပြန်လည်လွှတ်ပေးခဲ့တယ်လို့ အစိုးရက ကြေညာထားတာပါ။

ကမ္ဘာ့နိုင်ငံတွေရဲ့ကလေးစစ်သားအသုံးပြုမှုကို စောင့်ကြည့်လေ့လာနေတဲ့ လန်ဒန် အခြေစိုက် Child Soldiers International အဖွဲ့ကတော့ မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်နဲ့ သူပုန်တပ်ဖွဲ့တွေထဲမှာ ကလေးတွေကို စစ်သားအဖြစ်အသုံးပြုမှု ရှိနေတုန်းပဲလို့ ဇန်န၀ါရီ ၂၃ ရက်က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013