Home
မြန်မာသတင်း
တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒပြခဲ့သည့် လယ်သမား ၃ ဦး အဖမ်းခံရ
DVB
·
January 25, 2013
တရားဝင် ဆန္ဒပြခွင့်နဲ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ညောင်တုန်းမြို့နယ်က တောင်သူလယ်သမားနဲ့ ရေလုပ်သားတွေထဲက ၃ ဦးကို ညောင်တုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးကနေ တရားလိုလုပ်ပြီး ဒီနေ့ ဖမ်းဆီးလိုက်တယ်လို့ ညောင်တုန်းရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။ “မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်ပြီး ၃ ဦးကို စီတန်းလှည့်လည်ခွင့်ပုဒ်မ ၁၉ နဲ့ ငြိစွန်းတယ်ဆိုပြီး အမှုဖွင့်တာပါ။ ကျနော်တို့လည်း အမှုဖွင့်ပြီး စစ်တုန်းပဲ ရှိပါသေးတယ်။” ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ကတုက္ကမကျေးရွာနဲ့ ငှက်ပျော်ကျွန်းကျေးရွာက တောင်သူလယ်သမားနဲ့ ရေလုပ်သား ၄၀၀ လောက်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၇ ရက်နေ့က ညောင်တုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရှေ့မှာ ဆုံးရှုံးနစ်နာမှုတွေကို တောင်းဆို ဆန္ဒပြခဲ့တာပါ။ ဆန္ဒပြသူခေါင်းဆောင်တွေဖြစ်တဲ့  ဦးလှမျိုးနိုင်၊ ဦးလှိုင်ဦးနဲ့ ဦးဝင်းကြိုင်တို့ဟာ ဆန္ဒပြခွင့် ပုဒ်မ ၁၉ နဲ့ ငြိစွန်းတဲ့အတွက် ဖမ်းဆီးထားတာလို့ ညောင်တုန်းရဲစခန်းက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းစွာ စုရုံးဆန္ဒထုတ်ဖော်ခွင့်  ဥပဒေမှာ ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၁၉ တို့ပါဝင်ပြီး  ခွင့်ပြုချက်မရှိဘဲ တရားမ၀င်ဆန္ဒပြရင် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုနိုင်သလို၊  ဆန္ဒပြခွင့်ပြုပြီးမှ  ခွင့်ပြုချက်မှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ရင်လည်း ပုဒ်မ ၁၉ နဲ့ တရားစွဲနိုင်တယ်လို့  ရှေ့နေများကွန်ရက်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ  ဦးကိုနီက ပြောပါတယ်။ “တကယ်တမ်းက ၂၀၁၁ ခုနှစ်ပြဋ္ဌာန်းတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့စီတန်းလှည့်လည်ခွင့်ဥပဒေဟာ (ငြိမ်းစုစီ) ဥပဒေကိုယ်တိုင်က သဟဇာတမဖြစ်ဘူး။ ဥပဒေကပေးတဲ့အခွင့်အရေး၊ ဖွဲ့စည်းပုံကပေးတဲ့အခွင့်အရေးကို ကျနော်တို့ မခံစားရအောင် ကန့်သတ်ထားတဲ့ ဥပဒေမျိုးဖြစ်နေတယ်။ ဒီဥပဒေဟာ လွှတ်တော်မှာ ပြန်လည်ဆွေးနွေးရမယ့် ဥပဒေမျိုးဖြစ်နေတယ်။ လူတယောက် ဆန္ဒပြတယ်။ ဘယ်သူမှလည်း မထိခိုက်ဘူး။ သူ့ဆန္ဒသူဖော်ထုတ်တယ်။ အဲဒါလည်း ပုဒ်မ ၁၈နဲ့စွဲနေတယ်ဆိုတော့၊ ဥပဒေကိုချိုးဖောက်ရင်တော့ အရေးယူပေါ့။ ပုဒ်မ ၁၈ တို့ ၁၉ တို့နဲ့ အရေးယူတယ်ဆိုတာဟာ ကျနော့်အမြင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံသားတွေကို ပေးထားတဲ့ အခွင့်အရေးကို ပြန်ပြီးလျော့လျော့အောင် လုပ်သလို ဖြစ်နေတယ်လို့ ကျနော်က မှတ်ချက်ပေးချင်တယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024