လိုင်ဇာသွားမည့် ငြိမ်းချမ်းရေးယာဉ် တားမြစ်ခံရ
DVB
·
January 25, 2013
[caption id="attachment_35757" align="alignright" width="150" caption="ဦးနေမျိုးဇင်နဲ့အဖွဲ့"][/caption]
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ်အနီးက လိုင်ဇာဒေသကို မော်တော်ယာဉ် ၁ စီးနဲ့ ငြိမ်းချမ်းရေးခရီး သွားရောက်နေတဲ့ မြန်မာလူမှုဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်က ဦးနေမျိုးဇင်နဲ့အဖွဲ့ကို လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်တပ်က ဆက်မသွားဖို့ တားမြစ်ခဲ့တဲ့အတွက် နောက်ကြောင်းပြန်လှည့်ခဲ့ရပါတယ်။
ဒေါ့ဖုန်ယမ်းမြို့နယ် မြောက်ဘက် ၅ မိုင်အကွာမှာ မြန်မာစစ်တပ်က ဇန်န၀ါရီ ၂၄ ရက်နေ့က တားမြစ်ခဲ့တာလို့ မြန်မာလူမှုဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့ဝင် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောပါတယ်။
ကချင်ဒေသက စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ တိုင်းရင်းသားညီနောင်တွေထံကို ကိုယ်တိုင်သွားရောက် အားပေးစကားပြောကြားပြီး အနွေးထည်တွေ ပေးလှူဖို့နဲ့ ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် သွားရောက်တာလည်း ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးခရီးစဉ် တားမြစ်ခံရတာနဲ့ ပတ်သက်ပြီး ဦးနေမျိုးဇင်က “အမှန်တကယ်က အန္တရာယ်မရှိလောက်ပါဘူး။ ကြိုတင် ချိတ်ဆက်ထားတာတွေရော၊ တဆင့်စကားနဲ့ပြောတာတွေရော၊ ကျနော်တို့ကိုလည်း ကြိုဖို့ရှိပါတယ်။ အန္တရာယ်မရှိလောက်ပါဘူး။ မိုင်းတွေဘာတွေကလည်း ရှင်းထားပြီးသား ဖြစ်ပါတယ်။ ဒီဘက်ကကိုယ်က လုံခြုံရေးဆိုတာကို ဗန်းပြပြီး ပြည်သူတွေရဲ့ အခွင့်အရေးကို ပိတ်တာပါပဲ။ အမှန်တကယ်က စစ်ဖြစ်ချင်းဖြစ် သူတို့ လက်နက်ကိုင်အဖွဲ့ချင်းဖြစ်တာ ကျနော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ ငြိမ်းချမ်းရေးခရီး အစပြုနိုင်မယ့် အချက်အလက်တွေ ပြည်သူလူထုလိုလားချက်တွေ နှစ်ဖက်ခေါင်းဆောင်တွေကို တင်ပြဖို့ ကျနော်တို့ လာတာပါ။ မြန်မာတပ်မတော်ကတော့ ထုံးစံအတိုင်း ပြည်သူကို အရေးထားတာမှ မဟုတ်တာ။ ပြည်သူတွေ ဘယ်လောက်ပြောပြော၊ ငြိမ်းချမ်းရေး တောင်းဆိုတာတောင် တရားစွဲသေးတာပဲ။ တပ်မတော်ကို ကျနော်တို့က ဘာမှ တင်ပြနိုင်စွမ်းမရှိပါဘူး။ တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း ပြည်သူလူထုလိုလားချက်၊ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတာကို သွားပြောမှာပါ။ အမြန်ဆုံးလုပ်ပေးပါ၊ ဆွေးနွေးပေးပါဆိုပြီး သွားပြောမှာပါ။”
ဦးနေမျိုးဇင်နဲ့ အဖွဲ့ဟာ ဇန်န၀ါရီ ၂၁ ရက်နေ့က “ကျည်ဆန်များအစား ပန်းများပွင့်စေ” ဆိုတဲ့ စာတန်းတပ်ထားတဲ့ မော်တော်ယာဉ်နဲ့ ရန်ကုန်ကနေ ထွက်ခွာသွားတာပါ။
ဦးနေမျိုးဇင်နဲ့အဖွဲ့ သွားရောက်မယ့်နေရာဟာ လုံခြုံရေးအရ တည်ငြိမ်မှုမရှိသေးတာနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ မိုင်းအန္တရာယ်တွေ များပြားတာတွေကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက တားမြစ်တာလို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ရေးသားထားပါတယ်။