ဆဲဗင်းဇူလိုင်အခမ်းအနား ချီတက်အလေးပြုသူ ဗကသကျောင်းသားကို ထောင် ၁၅ ရက် အမိန့်ချ
ချမ်းမြေ့မောင်
·
November 19, 2019

ရန်ကုန်တက္ကသိုလ်မှာကျင်းပခဲ့တဲ့ ဆဲဗင်းဇူလိုင်အခမ်းအနား ချီတက်အလေးပြုသူ ဗကသကျောင်းသား ကိုဝေယံဖြိုးမိုးကို ကမာရွတ်မြို့နယ်တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၅ ရက် အမိန့်ချလိုက်ပါတယ်။
ဆဲဗင်းဇူလိုင်အခမ်းအနား ချီတက်အလေးပြုတာနဲ့ပတ်သက်ပြီး ကိုဝေယံဖြိုးမိုးကို ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ ကမာရွတ်မြို့နယ်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပြီး အခုချမှတ်လိုက်တဲ့အမိန့်မှာ ချုပ်ရက်ထုတ်နုတ်ခံစားခွင့်ပြုတဲ့အတွက် ကိုဝေယံဖြိုးမိုးလွတ်မြောက်ခဲ့ပါတယ်။
ကမာရွတ်တရားရုံးအမှုက လွတ်မြောက်ခဲ့ပေမယ့် အမိန့်ချတဲ့နေ့မှာပဲ ကိုဝေယံဖြိုးမိုးကို ကျောက်တံတားမြို့နယ် တရားရုံးက ၂၀၁၈ ခုနှစ်စက်တင်ဘာလပိုင်းမှာ ဖုယင်အလုပ်သမားသပိတ် ဆန္ဒထုတ်ဖော်ပွဲကို ဝန်းရံခဲ့တာနဲ့ ဇူလိုင် ၆ ရက်နေ့က ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကျခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉နဲ့ အရေးယူခဲ့ပါတယ်။
ကျောက်တံတားတရားရုံးက အရေးယူထားတဲ့အမှုကို ကိုဝေယံဖြိုးမိုးက ခံဝန်ထုချေတာတွေ အာမခံလျှောက်တောတွေ မပြုလုပ်တဲ့အတွက် အင်းစိန်ထောင်ကနေပဲ အမှုကိုရင်ဆိုင်ရမှာပါ။
ကျောက်တံတားတရားရုံးက စွဲဆိုတဲ့နှစ်မှုမှာ ကိုဝေယံဖြိုးမိုးအပါအဝင် ကိုကျော်ကိုကို၊ ကိုတင်ထွဋ်ပိုင်နဲ့ အခြားဆန္ဒထုတ်ဖော်သူ ၃ ဦးပါဝင်ပါတယ်။