Home
မြန်မာသတင်း
တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်းအမှု တရားခွင်တွင် လေယာဉ်ကွင်းချုံရှင်းခကိစ္စထွက်ဆို 
DVB
·
November 19, 2019
တနင်္သာရီတိုင်း၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီ တာ၀န်ရှိသူ ၃ ဦးတို့ တရားစွဲဆိုထားတဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ မနေ့က  ၃၉ ကြိမ်မြောက် ရုံးထုတ်စစ် ဆေးပါတယ်။ နို၀င်ဘာ ၁၈ရက်နေ့ရုံးချိန်းမှာ တရားလိုပြသက်သေတွေဖြစ်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအရင်းအမြစ်၀န်ကြီး ဦးကျော်မင်းနဲ့ F-22 Sunny ဆောက်လုပ်ရေးကုမ္ပဏီ ဝန်ထမ်း ဦးဖြိုးပိုင်အောင်တို့ကို စစ်ဆေးခဲ့ပါတယ်။ ၀န်ကြီးဦးကျော်မင်းက တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တာ ၀န်ထမ်းဆောင်စဉ် ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌအဖြစ် တာ၀န်ဆောင်ရပြီး တိုင်းဒေသကြီးလွှတ်တော်သို့ တနင်္သာရီတိုင်း ဒေသကြီး စာရင်းစစ်ချုပ်မှ ပေးပို့လာတဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာတို့ကို စစ်ဆေးခဲ့ရတယ်လို့ ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇၊ ဒုတိယနှစ်၀က် စာရင်းစစ်ချုပ်အစီရင်ခံစာမှာ ထား၀ယ်လေယာဉ်ကွင်း ချုံနွယ်ရှင်းကိစ္စနဲ့ ပတ်သက်လို့ စစစ်ရကြောင်း၊ လေယာဉ်ကွင်းခြုံရှင်းတာကို ကျပ်သိန်း ၄၀၀၀ လို့ သိရှိရပြီး လုပ်ငန်းဆောင်ရွက်ရာမှာ F-22 Sunny Construction ကုမ္ပဏီမှ ဆောင်ရွက်ခဲ့တယ်လို့ ၀န်ကြီးက ပြောပါတယ်။ လေယာဉ်ကွင်းခြုံရှင်းခ ၁ စတုရန်းပေကို ၄၅ကျပ်နှုန်းနဲ့ သတ်မှတ်ထားတာကို စာချုပ်မှာ ဖော်ပြထားပြီး လေယာဉ်ကွင်းအကျယ်အ၀န်းပမာဏကို တွက်ချက်မယ်ဆိုရင် အကြမ်းအားဖြင့် တစ်ဧကလေယာဉ်ကွင်းချုံရှင်းခ ၁၉ သိန်းကျော်ခန့် ကျသင့်နေတာကို တွေ့ရှိရကြောင်း၊ ထိုပမာဏမှာ ဒေသပေါက်စျေးအရ အင်မတန်များပြားပါတယ်လို့ ၀န်ကြီးက  ရုံးတော်မှာ ထွက်ဆို ပါတယ်။ ဒေသမှာ ချုံနွယ်ရှင်းလင်းခ ၁ ဧကပေါက်စျေးမှာ ၂သိန်းခွဲ ကျော်ရှိတယ်လို့ ကြားသိရတယ်လို့ ယင်းအချိန်က ဒေသပေါက်စျေးကို၀န်ကြီးက ဖွင့်ဟပြောဆိုခဲ့ပြီး ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းစနစ်အရ လွဲချော်နေတယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ ရုံးချိန်းမှာတော့ တရားလိုပြသက်သေ အမှုစစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ညွန်ကြာရေးမှူး ဦးသန်းဇော်၀င်းကို စစ်ဆေးဖို့ချိန်းဆိုထားတယ်လို့ တိုင်းဒေသကြီး တရားလွှတ်တော်ထံက သိရပါတယ်။ ဦးသန်းဇော်၀င်းကို စစ်ဆေးဖို့ နို၀င်ဘာ ၁၈ ရက်နေ့က ချိန်းဆိုထားပေမယ့် အခြားရုံးချိန်းကိစ္စတွေ ဆောင်ရွက်နေတဲ့အတွက်ကြောင့် မလာရောက်နိုင်ကြောင်း ခွင့်တင်တဲ့ အတွက် မစစ်ဆေးနိုင်ခဲ့ပါဘူးလို့ တိုင်းဒေသကြီး တရားလွှတ်တော်တရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်း က ပြောပါတယ်။ သတင်း- တင့်လွင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024