ဆလုံကျွန်းများတွင် ကျန်းမာရေးဝန်ထမ်းမရှိသဖြင့် ဒေသခံများ အခက်ကြုံနေ
DVB
·
November 19, 2019
တနင်္သာရီတိုင်းထဲက ဆလုံလူမျိုးတွေအဓိကနေထိုင်တဲ့ ကျွန်း ၁၀ ကျွန်းရှိပြီး အဆိုပါဒေသတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေမရှိတာကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးကုသဖို့ အခြေနေနဲ့ပတ်သက်ပြီး အခက်ခဲဖြစ်ပေါ်နေကြတာပါ။
ဆလုံတိုင်းရင်းသားတွေနေထိုင်တဲ့ ကျွန်းတွေကနေ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဆေးရုံဆေးခန်းရှိတဲ့ အခြားနေရာကိုသွားရောက်ဖို့ အချိန်များစွာပေးရပြီး လမ်းခရီးခက်ခဲမှုတွေ ကြောင့် မသေသင့်ပဲ သေခဲ့ရတဲ့ လူနာတွေရှိတယ်လို့ လငန်းကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဇံက ပြောပါတယ်။
အဲဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေ ထားရှိပေးဖို့နဲ့ပတ်သက်ပြီး သက်ဆိုင်ရာကို တင်ပြပေမယ့် လက်ရှိအချိန်ထိ ချထားပေးခြင်းမရှိသေးဘူးလို့ပြောပါတယ်။
ဒါ့အပြင် ကျွန်းတွေပေါ်မှာ မွေးဖွားတဲ့ ကလေးငယ်တွေအတွက်လည်း နိုင်ငံတော်က စောင့်ရှောက်မှုပေးနေတဲ့ ရောဂါပိုး ကွယ်ဆေးတိုက်ကျွေးတာတွေလည်း ပုံမှန်ပြုလုပ်ရတာမရှိဘူး လို့ ဒေသခံ ဆလုံတွေက ပြောပါတယ်။
ဆလုံတိုင်းရင်းသားတွေအတွက် နိုင်ငံတော်ကနေ ကျန်မာရေးစောင့်ရှောက်မှု မရှိတာကြောင့် ကျန်းမာရေးအတွက် အခက်ခဲဖြစ်ပေါ်နေရပြီး မြို့ပေါ်မှာသွားရောက်မကုသနိုင်သူတွေအနေနဲ့ ရွာမှာပဲ အသေခံနေရတာမျိုးတွေရှိတယ်လို့ လငန်းကျေးရွာဒေသခံ မော်ငိုင်းက ပြောပါတယ်။
လက်ရှိမှာတော့ ဆလုံတိုင်းရင်းသား လူဦးရေ လျှော့နည်းလာကာ တနင်္သာရီတိုင်းအတွင်းက နေရာ ၁၀ ခုမှာ လူဦးရေ ၁၇၀၀ ကျော်ပဲရှိတော့တယ်လို့သိရပါတယ်။
သတင်း - အောင်ကျော်