Home
မြန်မာသတင်း
လူ့အခွင့်အရေးကိုလေးစား၊ အကြမ်းဖက်လုပ်ရပ် ရပ်တန့်ရန် လက်နက်ကိုင်အဖွဲ့များကို တိုက်တွန်း 
ဇေယျာချမ်းအေး
·
November 19, 2019
မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လူ့အခွင့်အရေးကို လေးစားပြီး အကြမ်းဖက် လုပ်ရပ်တွေ ရပ်ဆိုင်းဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က တိုက်တွန်းပါတယ်။  မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်နက်ကိုင် အဖွဲ့အစည်းတွေက အများဆုံး ကျူးလွန်နေတာဖြစ်တယ်လို့လည်း AAPP တာဝန်ရှိသူတွေက  မနေ့က ရန်ကုန်မှာ အစီရင်ခံစာ ထုတ်ပြန် ပြောပါတယ်။  လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေနဲ့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေမှာ ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေတာတွေဟာ ဆိုးရွားတဲ့ဖြစ်စဉ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။  အကျဉ်းထောင်တွင်းအကြမ်းဖက်မှုတွေ၊ သုံ့ပန်းတွေအပေါ် အကြမ်းဖက်မှုတွေ၊ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်တဲ့ ဖြစ်စဉ်တွေအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ပြန်သုံးသပ်ဖို့ လိုနေပြီလို့ AAPP မှ ကိုဘိုကြည်က ပြောပါတယ်။ “လက်နက်ကိုင်အဖွဲ့တွေက ဂျီနီဗာကွန်ဗင်းရှင်းကို သေသေချာချာ လိုက်နာဖို့ လိုပါတယ်။ ဖြစ်နိုင်ရင်တော့ လက်နက်ကိုင်တိုက်ပွဲ မရှိတာ ကောင်းတယ်။ ငြိမ်းချမ်းရေးလုပ်၊ စားပွဲပေါ်မှာ စကားပြော၊ အဲဒါ ကောင်းတယ်။ မဖြစ်နိုင်သေးဘူးဆိုရင် အရပ်သားတွေကို ထိခိုက်မယ့်ကိစ္စတွေကို လုံးဝဖြစ်လို့မရဘူး။ အရပ်သားတွေကို ထိခိုက်တဲ့ မည်သည့်လက်နက်ကိုင် တပ်ဖွဲ့ကိုမဆို ကျနော်တို့ ရှုတ်ချရမယ်။” စစ်အစိုးရလက်ထက် အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေအပေါ် အကြမ်းဖက် ခဲ့တာတွေနဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက နိုဝင်ဘာ ၁၇ ရက်နေ့မှာ အစီအရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီအရင်ခံစာမှာ အကျဉ်းထောင်အတွင်း နှိပ်စက်ခံရတာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသား ၃၀၀၀ လောက်ကို မေးမြန်းပြီး ဖော်ပြထားပါတယ်။  AAPP ဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက်သာမက တခြားအထွေထွေအ ကျဉ်းသားတွေအတွက်ပါ လူ့အခွင့်အရေးနဲ့ တခြားကူမူညီမှုတွေပေးဖို့ အစဉ်တစိုက်  ကြိုးပမ်းလုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူတင်မြှောက်တဲ့ အရပ်သားအစိုးရနဲ့ လွှတ်တော်က အသိအမှတ်ပြု ဆောင်ရွက်တာမရှိရင် လုပ်ငန်းအထမမြောက်နိုင်ဘူးလို့ AAPP မှ မှတ်တမ်းနဲ့ သုတေသနတာဝန်ခံ ကိုဇော်မိုးက ပြောပါတယ်။ “သမ္မတရုံး၊ ရှေ့နေချုပ်ရုံး၊ လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီတွေဆီကို အကျဉ်းထောင် ဥပနေဲ့ပတ်သက်တဲ့ အကြံပြုချက်တွေ၊ တွေ့ရှိချက်တွေကို စာတွေပို့တယ်။ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပါတယ်။ အရင်ကတည်းက ကျနော်တို့ ဒါကို တောက်လျှောက်တည်ပြီးပြောထားတာ ရှိပါတယ်။ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ အကျဉ်းထောင်ဥပဒေ တခုတည်း ပြောင်းလို့မရဘူး။ အကျဉ်းထောင်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ တခြားဥပဒေတွေကိုလည်း ပြောင်းလဲရမယ်။ အကျဉ်းထောင်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ တခြားစနစ်တွေကိုလည်း ပြောင်းလဲဖို့ လိုအပ်တယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး၊ ဖိနှိပ်ရေးယန္တရားတခုအနေနဲ့ သုံးစွဲခံခဲ့ရတဲ့ ဥပဒေတွေ၊ ဒီဥပဒေတွေကို သုံးပြီးတော့ တလွဲအသုံးချပြီးတော့ အချင်းချင်း ထောင်ထဲကိုရောက်အောင် ပို့နေတဲ့ ဥပဒေတွေ၊ ဒါတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ စဆွေးနွေးကြတယ်။” လက်ရှိအချိန်မှာတော့ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာကမ္ဘာ့သဘောတူညီချက်စာချုပ် UNCAT  မှာ မြန်မာ အစိုးရက အမြန်ဆုံးလက်မှတ်ထိုးဖို့ AAPP က တောင်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား အကျဉ်းသူဟောင်း စုစုပေါင်း တသောင်းနီးပါးရှိပြီး  အဲဒီအထဲက တထောင်နီးပါးဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024