မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့မညီတဲ့ ရေအိမ်စနစ်ကြောင့်နှစ်စဉ် အသက် ၅ နှစ်အောက် ကလေးငယ် ၃၀၀၀ လောက်သေဆုံးနေတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ မလုံလောက်တဲ့ ရေအိမ်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ရေအိမ် စနစ်တွေကြောင့် ကူးစက်ရောဂါတွေဖြစ်ပွားပြီး နှစ်စဉ် အသက် ၅ နှစ် အောက် ကလေး သုံး ထောင်ကျော်လောက် သေဆုံးရတယ်လို့ ဗြိတိန်အခြေစိုက် Water Aid အဖွဲ့က ၂၀၁၈ ခုနှစ်က ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်”လို့ ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။
ဒီကနေ့ နေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ ၂ မှာ ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေအိမ်များနေ့ World Toilet Day 2019 အခမ်းအနားကို ကျင်းပရာမှာ ပြောသွားတာ ဖြစ်ပါတယ်။
ကျောင်းတွေမှာ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီးတော့ သန့် ၅ သန့်ဖြစ်တဲ့ ရေသန့်၊ အစာသန့်၊ အိမ်သာသန့်၊ လက်သန့်နဲ့ ပတ်ဝန်းကျင်သန့် လုပ်ငန်းတွေကို လေ့ကျင့်ပေးနေတယ်လို့ ဆိုပါတယ်။
ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “လက်ရှိအခြေအနေအရ အခြေခံပညာ ကျောင်းတွေမှာ ကျောင်းသား ဦးရေ ၅၀ ကို ရေအိမ်သာ တစ်လုံးနှုန်းအသုံးပြုလျက်ရှိနေပြီး နောင်ဆိုရင် ကျောင်းသားဦးရေ ၃၀ ကို ရေအိမ်တစ်လုံးနှုန်းသုံးစွဲနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိနေပါကြောင်း တင်ပြအပ်ပါတယ်”လို့ ပြောပါတယ်။
ရေအိမ်တွေရဲ့ အရေးပါမှုကို သိရှိစေဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းတဲ့ ရေအိမ်တွေ ဖြစ်လာစေဖို့ ကမ္ဘာ့ရေအိမ်များနေ့ကို World Toiled Organization က ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်မှာ စတင်သတ်မှတ်ခဲ့ပါတယ်။
ဒီနှစ်မှာကျရောက်တဲ့ ကမ္ဘာ့ရေအိမ်များအနေ့ ဆောင်ပုဒ်ကတော့ “အားလုံးကျန်းမာဖို့ တစ်ယောက်မကျန် ရေအိမ်သုံးကြစို့” ပဲဖြစ်ပါတယ်။