Home
မြန်မာသတင်း
အေအေအဖွဲ့ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ပြည်ထောင်စုလွှတ်တော် အတည်ပြု
DVB
·
November 18, 2019

အမျိုးသားလွှတ်တော် ဦးဝှေ့တင်းကို အေအေအဖွဲ့က ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီး အောင်‌မြေသာဇံမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး တင်သွင်းတဲ့ အရေးကြီးအဆိုကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးခဲ့ပြီး ထောက်ခံမဲ ၃၇၆ မဲ၊ ကန့်ကွက်မဲ ၇ မဲ၊ ကြားနေမဲ ၃ နဲ့ အတည်ပြုလိုက်ပါတယ်။

မဲပေးခွင့်ရှိသူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၅၇၆ ယောက်ရှိတဲ့အနက် စုစုပေါင်း ပေးတဲ့မဲက ၃၈၆ မဲပဲရှိတာကြောင့် ကိုယ်စားလှယ်ပေါင်းအယောက် ၁၉၀ ဟာ မဲမပေးဘဲ နေခဲ့တာကို တွေ့ရပါတယ်။

ဒါပေမယ့် ဒီအဆိုကိုထောက်ခံမဲများတဲ့အတွက် အေအေအဖွဲ့အနေနဲ့ နိုင်ငံတော်က ဆောင်ရွက်နေတဲ့  အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့အတူ ပြည်သူလူထု ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်တာကြောင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ  ကန့်ကွက် ရှု့ချ ကြောင်း အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင်ဦးဝှေ့တင်းနဲ့အတူ ဖမ်းဆီးထားတဲ့ ဝန်ထမ်းတွေနဲ့ အရပ်သားတွေကို အန္တရာယ် ကင်းရှင်းစွာ ချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့လည်း ပြည်ထောင်စု လွှတ်တော်က တောင်းဆိုခဲ့ပါတယ်။ 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အန်အယ်လ်ဒီပါတီကိုယ်စားပြု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ နိုဝင်ဘာ ၁ ရက်က ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်ကို မော်တော်ဘုတ်နဲ့ လာနေတုန်း အေအေအဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။

 

သူနဲ့အတူ အိန္ဒိယနိုင်ငံသား ၅ ယောက်နဲ့ မြန်မာ ၄ ယောက်တို့ ဖမ်းခံခဲ့ရပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ ဦးဝှေ့တင်းက လွဲလို့ ကျန်တဲ့သူတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီထဲက အိန္ဒိယနိုင်ငံသားတယောက်ကတော့ ရောဂါကြောင့် သေဆုံးခဲ့ပါတယ်။ လက်ရှိမှာတော့ တခြားအရပ်သားတွေကို ဖမ်းဆီးထားတာ မရှိတော့ဘဲ ဦးဝှေ့တင်းတယောက်ပဲ ကျန်တော့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024