DVB Logo
Home
မြန်မာသတင်း
ဝါရင့်သမိုင်းပညာရှင် ဆရာမကြီး ဒေါ်ကြန် အသက် ၁၀၁ နှစ်အရွယ်တွင် ကွယ်လွန်
DVB
·
November 17, 2019
ဝါရင့်သမိုင်းပညာရှင် ဆရာမကြီး ဒေါ်ကြန် အသက် ၁၀၁ နှစ်အရွယ်တွင် ကွယ်လွန်
Donate to DVB

မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာမကြီးတဦးဖြစ်တဲ့ စာရေးဆရာမကြီး ဒေါ်ကြန်(မကြန်)ဟာ နိုဝင်ဘာ ၁၆ ရက်နေ့ည ၈ နာရီမှာ ကွယ်လွန်သွားခဲ့ပါတယ်။

သမိုင်းစာတမ်းတွေကို တစိုက်မတ်မတ် ရေးသားခဲ့ပြီး နာမည်ကြီးတဲ့ ဝါရင့်သမိုင်းပညာရှင် ဆရာမကြီးကို ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့မှာ ၁၉၁၈ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၁၀၁ နှစ်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဆရာမကြီးဟာ ၁၉၃၅ ခုနှစ်မှာ သံတွဲမြို့ အစိုးရဟိုက်စကူးကျောင်းမှ ဟိုက်စကူး ဖိုင်နယ်ခေါ် ဆယ်တန်းကို (က) အဆင့်မှ အောင်မြင်ခဲ့ပြီး အဲဒီကျောင်းမှာပဲ အလယ်တန်း ဆရာမအဖြစ်နဲ့ ခေတ္တဝင်ရောက် အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရခိုင်ပြည်နယ်၊ စာတိုက်ဌာန (သံတွဲနဲ့ စစ်တွေမြို့)တွေမှာ အထက်တန်းစာရေးအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့တာပါ။

၁၉၅၁ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ပြီး ပညာဆက်လက် ဆည်းပူးခဲ့ရာ ၁၉၅၄ ခုနှစ်မှာ အထူးတန်း အခွင့်အရေးတက်ရောက်ခွင့် ရရှိခဲ့တဲ့အတွက် ရန်ကုန်တက္ကသိုလ်ရဲ့ ဝိဇ္ဇာ (ဘီအေ)ဘွဲ့ကို သုံးနှစ်အတွင်း အောင်မြင်ရရှိခဲ့ပါတယ်။

၁၉၅၆ ခုနှစ်မှာ မြန်မာသမိုင်းကော်မရှင် (ယခုသမိုင်းသုတေသနဌာန) မှာ ကျမ်းပြု အရာရှိရာထူးနဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မဟာဝိဇ္ဇာဘွဲ့ (သမိုင်းအ ထူးပြု) ရရှိအောင်မြင်ကာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှာ နည်းပြဆရာမအဖြစ် ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၅၇ ခုနှစ်နဲ့ ၁၉၅၉ ခုနှစ်တွေမှာ မြန်မာ့သမိုင်း အထောက်အထားများ ကူးယူ စုဆောင်းရေးစီမံကိန်းအရ အင်္ဂလန်နိုင်ငံကို သွားရောက်အမှုထမ်း လေ့လာနိုင်ခဲ့ပြီး  ၁၉၆၃ ခုနှစ်မှာ သမိုင်းသုတေသနဌာန အကြီးတန်း သုတေသနရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၇၇ ခုနှစ်မှာ Cultural Award Scheme နဲ့ ဩစတြေးလျနိုင်ငံရှိ မြို့ကြီးတွေဆီ  သွားရောက်လေ့လာခဲ့ရပြီး ၁၉၇၈ ခုနှစ်မှာတော့ သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားယူခဲ့ပါ တယ်။

 အဲဒီနောက် သမိုင်းသုတေသနဌာနမှာ  အကြံပေးပုဂ္ဂိုလ်အနေနဲ့ ၄ နှစ်လောက် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ အမှတ် (၁) စက်မှု ဝန်ကြီးဌာနမှာ “မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်း” အတွဲများ ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် အကြံပေးပညာရှင်အဖြစ် ပါဝင်ရေးသားပြုစုခဲ့ပါတယ်။

၁၉၉၁ ခုနှစ်မှာတော့ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ဝင်အဖြစ် ဒီကနေ့အချိန်ထိ အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

ဆရာမကြီးဟာ သမိုင်းသုတေသန စာတမ်းတွေ၊ ဆောင်းပါးတွေနဲ့ စာအုပ်ပေါင်း များစွာကို ရေးသားခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ မြန်မာနိုင်ငံအခြေအနေ (၁၈၈၅-၈၆) စာအုပ်နဲ့ အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆု၊ ၂ဝဝ၂ ခုနှစ်မှာ သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ စာအုပ်နဲ့ အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆု၊ ၂ဝဝ၃ ခုနှစ်မှာ မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေး (၁၈၈၆-၉၇) စာအုပ်နဲ့ အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆု၊ ၂ဝဝ၄ ခုနှစ်မှာ  ပခု က္ကူဦးအုန်းဖေ တသက်တာစာပေဆု၊ ၂ဝဝ၅ ခုနှစ်မှာ ကိုလိုနီခေတ်ဦး ကျေးရွာအုပ်ချုပ် ရေး(၁၈၈၆-၉၇)စာအုပ်နဲ့ အမျိုးသားစာပေ(သုတဝိဇ္ဇာ)ဆု၊ ၂ဝဝ၆ ခုနှစ်မှာ ဝိဇ္ဇာပညာ ထူး ချွန်ဆု(ပထမဆင့်)၊ ၂ဝဝ၆ ခုနှစ်အတွက် အမျိုးသားစာပေ တသက်တာဆု၊ Selected Writing of Daw Kyan(Bilingual) စာအုပ်နဲ့ ထွန်းဖောင်ဒေးရှင်းစာပေဆု၊ ၂ဝဝ၉ ခုနှစ်မှာ ကုန်းဘောင်ခတ် အခွန်တော်ရေးရာစာအုပ်နဲ့ အမျိုးသားစာပေဆု၊ ၂၀၁၂ ခုနှစ်မှာတော့ နိုင်ငံတော်သမ္မတထံမှ စည်သူဘွဲ့တံဆိပ်တွေကို ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာတော့ ဆရာမကြီး ဒေါ်ကြန်ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ရာပြည့်ပွဲကို ရန်ကုန်မြို့၊ စာပေဗိမာန်ခန်းမမှာ ပြုလုပ်ခဲ့တာပါ။

ဒေါ်ကြန်ဟာ ၁၉၆ဝ ပြည့်နှစ်လောက်ကနေ ခုချိန်ထိ သမိုင်းစာတမ်းတွေ ရေးသားလာတဲ့ ပညာရှင် အမျိုးသမီးကြီး ဖြစ်တာမို့ ခုလိုဆုံးရှုံးရမှုအပေါ် မိသားစုဝင်တွေ၊ တပည့် တပန်းတွေရော၊ ပညာရှင်တွေကပါ နှမြောတသ ဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာအောင်မြင့်ဦးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသားပြီး နာရေးသတင်းကို မျှဝေထားခဲ့တာပါ။

“သမိုင်းပညာရှင် စည်သူ မကြန်

(ဒေါ်ကြန်)အသက် ၁၀၁ နှစ်

ယနေ့ည ၈နာရီ၀န်းကျင်၌ ကွယ်လွန်”

အင်္ဂလိပ်၊ မြန်မာ မှတ်တမ်း အထောက်အထားတွေ သုံးပြီး မြန်မာ့သမိုင်းကို ပြန်လည်ရေးသားရာမှာ အဓိက ပါဝင်ခဲ့တဲ့ ပညာရှင်တယောက်ဖြစ်တဲ့ စာရေးဆရာမကြီး ဒေါ်ကြန်ရဲ့ စာတမ်းတွေ၊ လက်ရာဆောင်းပါးတွေကိုတော့ မြန်မာသမိုင်းကို သိလိုသူတွေ ဆက်လက်ပြီး ဖတ်ရှုနေရဦးမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013