ငြိမ်းချမ်းရေးအတွက် တကိုယ်တော်လမ်းလျှောက်ဆန္ဒပြသူ ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံရ
DVB
·
November 16, 2019
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ ငြိမ်းချမ်းရေးအတွက် တကိုယ်တော်လမ်းလျှောက် ဆန္ဒဖော်ထုတ်နေတဲ့ ဦးစိုးဝေဟာ ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်တာကြောင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံခဲ့ရပါတယ်။
ဦးစိုးဝေကို ရမ်းဗြဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက တရားလိုပြုလုပ်ပြီး ရမ်းဗြဲမြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က အမှုဖွင့်လှစ် တရားစွဲဆိုခဲ့တာပါ။
ရမ်းဗြဲမြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်က “ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်တာ ငြိမ်းစုစီပုဒ်မ(၁၉)ပေါ့၊ မနေ့က ၁၅ ရက်အမိန့်ချ လိုက်တယ်၊ သူက ဒဏ်ငွေမဆောင်ဘူး၊ ဒဏ်ငွေက နှစ်သောင်းမဆောင်ရင် ထောင် ၁၅ ရက် ဆိုတော့ အဲဒါကို သူက ဆောင်ပေးတဲ့လူရှိတာကို မဆောင်ဘူး၊ ထောင်အကျခံသွားတာပေါ့။” လို့ ပြောပါတယ်။
ဦးစိုးဝေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ပြည်မြို့ကနေစတင်ပြီး မြန်မာနိုင်ငံအလံကို ကိုင်ဆောင်ကာ ငြိမ်းချမ်းပါစေ မြန်မာပြည်ဟု ကြွေးကြော်သံကို ကြွေးကြော်ပြီး မြန်မာနိုင်ငံအနှံ့ မြို့နယ်တွေကို သွားရောက်ကာ ငြိမ်းချမ်းရေးအတွက် တကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေသူတဦးလည်း ဖြစ်ပါတယ်။