Home
မြန်မာသတင်း
လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကြောင့် တရားစွဲခံရသူများ၏အမှု ပြန်ရုပ်သိမ်းပေးရန်တောင်းဆို
DVB
·
November 15, 2019
တရားလွှတ်တော်ရှေ့နေ  ဦးကြီးမြင့် အပါအဝင်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှု ကြောင့် တပ်မတော်က တရားစွဲဆိုထားတဲ့ အမှုတွေအားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ တရားစွဲဆိုမှုတွေကို အမြန်ဆုံး ပြန်ရုပ်သိမ်းပေးဖို့ အရပ်ဖက်အဖွဲ့စည်း ၁၃၁ ဖွဲ့က ပူးတွဲထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ဧပြီလက ကော့သောင်းမြို့မှာ ငြိမ်းစုစီဥပဒေနဲ့အညီ ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံကြိုဆိုပွဲမှာ  တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတဲ့ အသုံးအနှုန်းတွေ ပြောကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရှေ့နေဦးကြီးမြင့်၊ ကဗျာဆရာစောဝေနဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ကို ပုဒ်မ ၅၀၅ (က)နဲ့ ကော့သောင်းမြို့နယ်တရားရုံးက စွဲဆိုထားခဲ့ပါတယ်။  အခုလို တပ်မတော်က တရားစွဲတာဟာ ငြိမ်းစုစီဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက် နေတာဖြစ်သလို တပ်မတော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀ (စ) အရ  လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကာကွယ်စောင့်ရှောက်ရမမယ့်အစား ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရာရောက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။  အခုလို တရားစွဲဆိုတာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ နဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၉ တို့ပါ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကိုလည်း ချိုးဖောက်ရာရောက်တယ်လို့လည်း  အရပ်ဖက်အဖွဲ့ အစည်းတွေက ပြောပါတယ်။ လက်ရှိအချိန်မှာ  တပ်မတော်က လူပေါင်း ၇၀ ကျော်ကို၊ အမှုပေါင်း ၂၄ မှု ထက်မနည်း တရားစွဲဆိုထားခဲ့ပြီး၊ တချို့က ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ကြောင်း အသံအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ သိရပါတယ်။ အခုလိုတရားစွဲဆိုမှုတွေဟာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးအတွက် အရေးကြီးလှတဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလို၊ အစိုးရက ပြောဆိုနေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လမ်းကြောင်းကိုလည်း ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေနိုင်တယ်လို့ ထောက်ပြထားပါတယ်။  ဒါ့အပြင် ရခိုင်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာမှာ တပ်မတော်နဲ့ပတ်သက်ပြီး စွပ်စွဲ ပြောဆိုမှုတွေ ပြင်းထန်တဲ့ အချိန်မျိုးမှာ တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့်ပါ ၃ ဦး ကို တရားစွဲဆိုမှုဟာ မြန်မာနိုင်ငံအစိုးရနဲ့တပ်မတော် အပေါ်နိုင်ငံတကာရဲ့ အမြင်နဲ့ ဆက်ဆံရေး ပိုဆိုးစေနိုင်တယ်လို့  အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024