DVB Logo
Home
မေးမြန်းခန်း
စပစ်ဖိုင်းယား လေယာဉ်တွေကို ဆက်လက်ရှာဖွေသွားမယ်
DVB
·
January 24, 2013
စပစ်ဖိုင်းယား လေယာဉ်တွေကို ဆက်လက်ရှာဖွေသွားမယ်
Donate to DVB

လေယာဉ်တွေကို ရှာဖွေရာမှာ မတွေ့တော့တဲ့အတွက် နိုင်ငံခြားပညာရှင်တွေက လက်လျှော့သွားပေမယ့် ဆက်လက်ရှာဖွေသွားမယ်လို့ အငြိမ်းစား ဘူမိဗေဒပါမောက္ခ ဦးစိုးသိန်းက ပြောပါတယ်။

မြစ်ကြီးနားမှာ တွေ့ရှိထားတဲ့ စပစ်ဖိုင်းယား လေယာဉ်တွေကို ဖော်ပြီးတော့ မင်္ဂလာဒုံမှာ ဆက်လက်ရှာဖွေမှာလို့လည်း သူက ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးစိုးသိန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

စပစ်ဖိုင်းယားလေယာဉ်ရှာဖွေမှု နောက်ဆုံးအခြေအနေ သိချင်ပါတယ်။

[caption id="attachment_35209" align="alignright" width="150" caption="အငြိမ်းစား ဘူမိဗေဒပါမောက္ခ ဦးစိုးသိန်း"][/caption]

“နိုင်ငံခြားသားပညာရှင်တွေက လက်လျှော့သွားပြီ။ ကျနော်က မြစ်ကြီးနားမှာ ရှာပြီးတော့ ဂြိုဟ်တုနည်းနဲ့ အချက်အလက်တွေ မြေပြင်တိုင်းထွာပြီး မြစ်ကြီးနားမှာရှိတယ်ဆိုတာကို ဓာတ်ပုံရိုက်ပြပြီးတော့ အခုတော့ တူးဖော်တော့မယ်။ မင်္ဂလာဒုံအခြေအနေက သူတို့က မရှိဘူးဆိုပြီးတော့ အဖွဲ့က ထွက်ခွာသွားတယ်။ ကျနော်က ဂြိုဟ်တုဓာတ်ပုံနဲ့ အဲနေရာတွေပြန်စစ်တယ်။ ဇန်န၀ါရီ ၂၂ ရက်နေ့က စတိုင်းတယ်၊ မင်္ဂလာဒုံမှာတိုင်းတယ်။ မြစ်ကြီးနားမှာက တွေ့ပြီးသား တူးတော့မယ်။ မင်္ဂလာဒုံမှာ လုံးဝမရှိဘူးဆိုတာက အတည်ဖြစ်သွားပြီလားဆိုတော့ ဒါက နိုင်ငံခြားသားပြောတာလေ။ ကျနော့်ပညာအရ ရှိတယ်။”

အဲတော့ ဘယ်လိုဆက်လုပ်သွားမလဲ။

“အခု ဆက်လုပ်နေတယ်။ ဒီနေ့ (ဇန်န၀ါရီ ၂၂ ရက်) နာဆာရဲ့စာရင်းဒေတာတွေနဲ့ မြှုပ်ထားတဲ့နေရာတွေကို ထောက်လိုက်ပြီး မြေပြင်ကို တိုင်းနေပြီ။ အခု ၁ ရက်ပဲရှိသေးတော့ ဒေတာအပြည့်အစုံ မသိသေးဘူး။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကျရင် ဓာတ်ပုံရိုက်ပြနိုင်အောင် ကြိုးစားမယ်။”

နိုင်ငံခြားသားတွေ လက်လျှော့သွားပြီး ဆရာ့ယူဆချက်အရ ရှိသေးတယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိနေတာ ဘာကွာဟချက်တွေရှိနေလို့ပါလဲ။

“သူတို့မှာက မြေအောက်အနက်ထဲကနေ ဘယ်လိုဖော်ထုတ်ရမလဲဆိုတဲ့ နည်းပညာ၊ သူတို့အနောက်နိုင်ငံက သင်ပေးတယ်။ ဒါပေမယ့် တယောက်နဲ့ တယောက် မစပ်ဟပ်ဘူး။ ကျနော်က ဧရာဝတီမြစ်ကြောမှာရှိနေတဲ့ မြှုပ်နေတဲ့ သင်္ဘောကြီးတွေကို ဖော်ထုတ်တာမှာ ကျနော့်မှာ အတွေ့အကြုံတွေအများကြီးရှိတယ်။ ဒါတွေ မှီငြမ်းပြီးလုပ်တာ။ နောက်ဆုံးနည်းပညာကတော့ နာဆာနည်းပညာပေါ့။ နာဆာနည်းပညာအရ မြှုပ်ထားတဲ့နေရာကို အတိအကျဖော်ထုတ်နိုင်တယ်။ မြေပြင်အနေအထားအရ စက်တွေနဲ့တိုင်းထွာပြီးတော့ ဓာတ်ပုံရိုက်နိုင်အောင်လုပ်ရတယ်။ ဓာတ်ပုံရိုက်နိုင်တော့မှ လေယာဉ်ပျံမြှုပ်ထားတဲ့ အနေအထားတွေကို ပြန်ပုံဆွဲရမယ်။ ပြီးမှ စက်ကြီးတွေနဲ့တူးရမယ်။ သူတို့က စက်ကြီးတွေနဲ့ ကုတ်ပြီး မရှိဘူး ဆုံးဖြတ်တော့ ဘယ်လိုပညာလဲ မသိဘူးလေ။ အနောက်နိုင်ငံမှာလည်း မသင်ခဲ့ရဘူးလေ။”

ဆရာရဲ့ ယုံကြည်ချက်အရ မင်္ဂလာဒုံမှာ ရှိနေတုန်းပဲပေါ့။ အဲလို ယုံကြည်တာပေါ့။

“ယုံကြည်ချက်အရ မဟုတ်ဘူးလေ။ နာဆာ ၀က်ဘ်ဆိုဒ်မှာ ကြည့်လိုက်၊ မြှုပ်နေတဲ့ ပစ္စည်းတွေ ဘယ်လိုရှာရတယ်ဆိုတာ၊ အဲလိုရှာလိုက်ရင် မြှုပ်နေတဲ့ပစ္စည်းတွေ ဘယ်လိုအနေအထားရှိတယ်ဆိုတာ သိမယ်။ သိပြီးရင် ဒါတွေကို အရင်တုန်းက လက်ဆင့်ကမ်း ပြောသွားတဲ့လူတွေရဲ့ မှတ်ချက်နဲ့ မှတ်တမ်းတွေ၊ အနောက်နိုင်ငံသားတွေဟာ မှတ်တမ်းမှတ်ရာ မှတ်ရာမှာ အရမ်းတိကျတယ်။ ကျနော် ဓမ္မစေတီခေါင်းလောင်းရှာတော့ မြန်မာမှတ်တမ်းတွေမှာ ဘာမှမရှိဘူး။ အနောက်နိုင်ငံက မှတ်တမ်းကို ကြည့်ရတယ်။ သူတို့က မှတ်တမ်းသေချာမှတ်သွားတာ။ မှတ်တမ်းမှတ်နိုင်တဲ့ ပုဂ္ဂိုလ်ကိုယ်တိုင်ရှိတယ်။ အဲပုဂ္ဂိုလ်ကို David Cundall (ဗြိတိန်) က ခေါ်လာတယ်၊ ပြတယ်၊ အဲနေရာကို နာဆာနည်းပညာနဲ့ ပြန်စစ်တယ်။ ခေတ်မီ I-Pad တွေနဲ့ ပြန်စစ်တယ်။ ၉၂ နှစ် အဖိုးကြီး Stanely Coombe (မျက်မြင်သက်သေ) ပြောတာနဲ့က အတိအကျမှန်နေတယ်။ ဒါကို ဂြိုဟ်တုနဲ့ မနေ့က (ဇန်န၀ါရီ ၂၁ ရက်) က ထောက်စမ်းတယ်။ မြေပြင်မှာသွားထောက်တယ်။ I-Pad နဲ့စစ်တယ်။ နောက် မြေပြင်မှာ survey လုပ်တယ်။ ဒါကို ကျနော်တွေ့ရှိထားပြီ။ ဒါကို သေချာအောင် ဓာတ်ပုံရိုက်နိုင်အောင် ကြိုးစားနေတယ်။ ပြီးရင် ကြေညာလို့ရပြီလေ။”

သူတို့က မြေပြင်ကို ဘယ်လောက် ပေအနက် တူးပြီး မတွေ့ဘူးပြောသွားတာလဲ။

“၆ ပေလောက်လေး တူးပြီး မရှိဘူးလုပ်သွားတယ်။ မြှုပ်ထားတဲ့ပစ္စည်းက မြစ်ကြီးနားမှာတင် ပေ ၃၀ အောက်မှာ မြှုပ်ထားတာ။ ကိုယ့်ကိုသတ်တဲ့ လက်နက်ပစ္စည်းတခုကို မြစ်ကြီးနားမှာ အတိမ်ဆုံးမြှုပ်ထားတာ။ ရန်ကုန်မှာက အနည်းဆုံး ပေ ၄၀ အထက်မှာရှိတယ်။ ကိုယ့်ကိုသတ်တဲ့လက်နက် သူများအလွယ်တကူ မဖော်နိုင်အောင် လုပ်ထားတာ။ မြစ်ကြီးနားတောင် ပေ ၃၀ မြှုပ်ထားတာ။ ရန်ကုန်က ပိုနက်တယ်။ ဘယ်လိုလုပ် ၆ ပေလေး တူးပြီးတော့ သူတို့ ဆုံးဖြတ်မှာလဲ။ ”

မြန်မာပြည်မှာ စပစ်ဖိုင်းယား လေယာဉ်တွေ  မမြှုပ်ခဲ့ဘူးဆိုပြီး သူတို့လက်လျှော့သွားပြီးနောက်ပိုင်း သတင်းတွေ ထွက်ပေါ်လာတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

“အဲဒါက အင်္ဂလန် သံရုံးက လျှို့ဝှက်ထားတယ်။ ၁၂၄ စင်းလုံး မြှုပ်ထားတဲ့ မှတ်တမ်းတွေ အင်္ဂလန်သံရုံးမှာ ရှိပါတယ်။ အင်္ဂလန်သံအမတ်ကြီးကို မေးရင် ရပါတယ်။ သူတို့က မပေးတာ။ ဘာကြောင့်လဲဆိုတော့ မသိဘူး။ ကျနော်တို့က ဒေတာတွေကို လိုက်ဝယ်ယူရတာပေါ့။”

ဒါဆို ရှိနေတာကို သူတို့က မရှိဘူးဆိုပြီး သတင်းလွှင့်လိုက်တဲ့သဘောလား။

“သူတို့ ဘယ်လိုသတင်းလွှင့်လဲ ကျနော်လည်း မသိဘူး။ ကျနော်တို့က မြစ်ကြီးနားမှာ တွေ့ထားပြီးပြီ၊ ဓာတ်ပုံလည်း ရိုက်ထားပြီးပြီ။ မကြာခင် ကျနော် ဖော်တော့မယ်။ ဖော်တာက လွယ်တယ်၊ ၁၅ ရက်ဆို ပေါ်တယ်။ ကျနော် ကြောက်တာက သင်္ဘောတွေအတော်များများကို သူများတွေ ဖော်ဖို့အတွက် ကျနော်လိုက်ကူတယ်။ သင်္ဘောတွေ ရေပြင်မှာ ပေ ၉၀၊ ၁၀၀ မြုပ်နေတာတွေ ကျနော်ဖော်ပေးရတယ်။ ပစ္စည်းက ပေါ်လာပြီး ရေပေါ်ရောက်တာနဲ့ ပျက်စီးသွားတယ်။ ကျနော်တို့ စပစ်ဖိုင်းယား လေယာဉ်ပျံတစင်းကို မြေအောက်ထဲ၊ ရေထဲမှာ ရှိနေတာကို ဖော်လိုက်တာနဲ့ အဲဒီပစ္စည်းက ပျက်စီးသွားတယ်။ အဲဒီသဘာဝ ရှိတယ်။ အဲဒါကို ရေရှည်ထိန်းသိမ်းနိုင်အောင်လုပ်နိုင်မှ၊ မလုပ်နိုင်ရင် ကျနော်တို့က ငွေကုန်မယ်၊ လူပင်ပန်းမယ်၊ အကျိုးမရှိ ဖြစ်သွားမယ်။ ကျနော်တို့က လောလောဆယ်တော့ ဖော်မယ်၊ ရသမျှကို ဆွဲထုတ်ပြီးတော့ ရေရှည်ထိန်းသိမ်းနိုင်အောင် လုပ်ရမယ်။ အဲဒါ မြစ်ကြီးနားအတွက်။ အဲမှာ လုပ်နေတဲ့အချိန်မှာ မင်္ဂလာဒုံအားလုံး ၃၆ စင်းမှာ အခု ၁၂ စင်းကို အကုန်သေချာအောင် လုပ်မယ်။ နောက်မှ ၂၄ စင်းကို သေချာအောင် လုပ်မယ်။”

မြစ်ကြီးနားမှာက မတူးဖော်ရသေးဘူးပေါ့။

“တွင်းတူးပြီး ဓာတ်ပုံရိုက်ပြီးပြီ။ သေတ္တာကို ဖုံးထားတဲ့ ခါးပတ်တွေအကုန်လုံးကို မနည်းဖယ်ရတယ်။ ကျနော်ဖောက်နိုင်တာက သံပတ်ပြားဘေးက သစ်သားကို မနည်းဖောက်လိုက်တော့မှ အထဲက လေယာဉ်ပုံကို ရလိုက်တာ။ ဒါကို ကျနော်တို့ မကြာခင် သွားတူးတော့မယ်။”

သူတို့က လက်လျှော့သွားတော့ သဘောတူညီချက်တွေက ဘယ်လိုပြီးသွားလဲ။

“အဲဒါက ကျနော်နဲ့ မဆိုင်ဘူး။ ကျနော်က ပညာရှင်အပိုင်း။ ကျနော်က ဒါကို ရအောင်လုပ်မယ်။ ရရင် နိုင်ငံတော်အတွက် အကျိုးရှိတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
စပစ်ဖိုင်းယား လေယာဉ်တွေကို ဆက်လက်ရှာဖွေသွားမယ်