ကျောက်တော်တွင် တပ်ရင်းမှူး ၁ ဦးအပါအဝင် တပ်မတော်သားအချို့ကျဆုံးဟု အေအေထုတ်ပြန်
ဝဏ္ဏခွာညို
·
November 15, 2019

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရဲ့ ရွာထိပ်တံတားအနားမှာ နိုဝင်ဘာ ၁၃ ရက်က မိုင်းပေါက်ကွဲပြီး တပ်မတော် တပ်ရင်းမှူးတဦး အပါအဝင် တပ်မတော်သား တချို့ကျဆုံးခဲ့တယ်လို့ အေအေက သတင်းထုတ်ပြန်ပါတယ်။
သရက်တပင်ရွာတံတားအနီးမှာ စကခ ၉ လက်အောက်ခံ၊ ကျောက်တော်အခြေစိုက်၊ ခမရ ၃၇၄ နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ ခမရ ၃၇၄ တပ်ရင်းမှူး အပါအဝင် ၅ ဦးသေဆုံးကာ တချို့ဒဏ်ရာရတယ်လို့ အေအေထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲမှာကျဆုံးသွားတဲ့ တပ်ရင်းမှူးဟာ ဒုတိယဗိုလ်မှူးကြီး ရန်နောင်ဝင်းဖြစ်ပြီး သူဟာ ကျောက်တော်မြို့ အခြေစိုက် အမှတ် ၃၇၄ တပ်ရင်းကဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်ဒုတိယ ဗိုလ်မှူးကြီး ရန်နောင်ဝင်းသေဆုံးမှုနဲ့ပတ်သက်လို့ အနောက်ပိုင်း စစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဒီကနေ့ မနက်ပိုင်းမှာ မေးမြန်းရာမှာတော့ သရက်တပင်တံတားအနားမှာ တိုက်ပွဲဖြစ်ပွားတာရှိပေမယ့် မိုင်းခွဲခံရတာ မရှိဘူးလို့ငြင်းဆိုပါတယ်။
“မိုင်းကွဲတာကတော့ လက္ကာရွာအနားမှာကွဲတာ၊ ကျနော်သိတာက လက္ကာမှာကွဲတာ၊ အဲ့ဒီ အနားမှာ ထိခိုက်ဒဏ်ရာရတာရှိတယ်။ တံတားလေး ပျက်သွားတယ်။ အေအေလုပ်လို့ အဲ့ဒီမှာ၊ သရက်ပတင်အနားမှာ တိုက်ပွဲဖြစ်တာတော့ရှိတယ်။ မိုင်းကွဲတာမရှိဘူး။ တယောက်မှကျတာ မရှိဘူး။ လက္ကာအနားမှာ ဆွဲမိုင်းဆွဲခံရတာ ရှိတယ်။ အဲ့ဒီတံတားကို အေအေပြင်ခိုင်းလိုက်၊ အေအေလုပ်လို့ အဲ့တံတားပျက်သွားတာ။”
တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ရန်နောင်ဝင်းကိစ္စနဲ့ပတ်သက်လို့ မိသားစုဝင်တွေက ကျဆုံးသွားတဲ့သတင်းကို လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတွေ့ရပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီဗွီဘီက မိသားစုတွေကိုဆက်သွယ်နေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
တပ်မတော်စစ်ကြောင်းလာတဲ့အချိန်မှာ အဲ့ဒီသရက်တပင်ကျေးရွာရဲ့ထိပ် တံတားအနားမှာ မိုင်းကွဲပြီးနောက် တပ်မတော်ကရွာထဲကို ဝင်ရောက်စစ်ဆေးပြီး ရွာ ၃ရွာက လူငယ် ၄ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အမည်မဖော်လိုသူ ကျေးရွာတဦးက ပြောပါတယ်။
“ကျနော်တို့ ရွာရဲ့ထိပ်က တံတားအနားမှာ မိုင်းပေါက်ကွဲတာပါ။ စစ်ကြောင်းတွေလာတဲ့ အချိန်မိုင်းကွဲတာလို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတာတော့ ကျနော်တို့ အသေးစိတ် မသိရဘူး။ စစ်တပ်က လမ်းကိုပိတ်ဆို့ထားတယ်။ အဲ့ဒီနေဖြစ်နေတဲ့အချိန်မှာ စစ်တပ်က လက်နက်နဲ့ လှမ်းပြီးတော့ ပစ်ခတ်တာတွေလုပ်တယ်။ မနေ့က ၁၄ ရက်နေ့ ကဆိုရင်စစ်တပ်က ရွာထဲ ဝင်လာပြီးတော့ စစ်ဆေးမှုတွေ လုပ်တယ်။ ကျနော်တို့သရက်တပင်လူငယ် နှစ်ဖမ်းဆီးသွားတယ်။ ပြီးတော့ စပါးဆိပ်ကတယောက်နဲ့ ရွာဟောင်းတောက တယောက်ဖမ်းဆီးခေါ် ဆောင်သွားတယ်။”
ရခိုင်ပြည်နယ်ထဲမှာ ဒီရက်ပိုင်းအတွင်းတပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး ဒေသခံရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်ထွက် ပြေးနေ ခိုလှုံနေကြရပါတယ်။