ကွတ်ခိုင်မြို့နယ်တွင် ဆရာတော် ၁ ပါးနှင့် ဒကာ ၁ ဦး သေနတ်ကျည်ထိမှန်
နန်းမြနဒီ
·
November 14, 2019
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီးမှာ မနေ့ညက ခရီးသွား ဆရာတော်တပါးနဲ့ လိုက်ပို့သူ ဒကာတဦးတို့ သေနတ် ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မနေ့ညက မြန်မာ့တပ်မတော်နဲ့ တီအန်အယ်လ်အေ ပလောင်တပ်တွေကြား တိုက်ပွဲဖြစ်ပြီး လမ်းပေါ်ဖြတ်သန်းသွားတဲ့ ဆိုင်ကယ် တစီးကိုထိမှန်ကာ ဆိုင်ကယ်မောင်းသူနဲ့ နောက်ကလိုက်စီးလာတဲ့ သံဃာတပါးတို့ ဒဏ်ရာရ ခဲ့တာလို့ နမ့်ဖတ်ကာမေတ္တာရှင်လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညနေ ၄ နာရီခွဲလောက်က မိုင်းယုလေးရွာကနေ နမ့်ဖတ်ကာဘက်ကို ပြန်လာတဲ့ ဆိုင်ကယ်တစီး ရင်ကွဲတောင်ကျော်တော့ အပစ်ခံရပြီး ဆိုင်ကယ်မောင်းသူ ဒကာနဲ့ သံဃာတပါး ဒဏ်ရာရတယ်။ သတင်းကြားတော့ ကျနော်တို့ လူမှုကူညီရေးကားနဲ့ နမ့်ဖတ်ကာ ဆေးရုံကို အရင်ဆုံး လိုက်ပို့ပေးပါတယ်။ ဒဏ်ရာက ဆရာတော်ရော သူ့ဒကာပါ ဘယ်ဘက်ခြေတောက်ကို သေနတ်မှန်သွားတာ၊ နမ့်ဖတ်ကာဆေးရုံမှာ ရှေးဦးသူနာပြုစုပြီး မူဆယ်ဆေးရုံကြီးကို ဆက်ပို့ပေး လိုက်ပါတယ်ခင်ဗျ၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး။”
အပစ်ခံရတဲ့ ဆရာတော်မှာ ခိုမုံးမန့်ပိန်းရွာက သက်တော် ၆၀ ကျော်ရှိ ဆရာတော် ဦးသောမန နဲ့ အသက် ၄၀ ကျော်ရွယ်ရှိ ဟိုခိုရွာသား ဦးအိုက်ညွန့် ဆိုသူဖြစ်ကြောင်း၊ မနေ့က အဲဒီဘက်မှာ တိုက်ပွဲဖြစ်လို့ လမ်းပိတ်ထားတာကို မသိလို့ ဖြတ်လာရင်း အပစ်ခံရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီကနေ့လည်း ပစ်ခတ်မှုတွေ ပစ်လိုက်ရပ်လိုက်ဖြစ်နေလို့ ခရီးသည်တင်ကား၊ ကုန်တင်ကား တွေ ပိတ်မိနေကာ အခြေအနေကြည့်ပြီးသွားလာနေရတယ်လို့ မေတ္တာရှင် လူမှုကူညီရေးအသင်း က ပြောသွားပါတယ်။