Homeမြန်မာသတင်း
ညောင်ဦးတက်မရေနံမှော်တွင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်၊ ရေနံတွင်းများကို ကွန်ကရစ်ဖြင့်ပိတ်ဆို့
ညောင်ဦးတက်မရေနံမှော်တွင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်၊ ရေနံတွင်းများကို ကွန်ကရစ်ဖြင့်ပိတ်ဆို့
DVB
·
November 14, 2019
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တက်မရေနံမှော်မှာ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ပြီး ရေနံတွင်းတွေကို ကွန်ကရစ်နဲ့ ပိတ်ဆို့ခဲ့ကြောင်း ခရိုင်စီမံခန့်ခွဲမှု ကော်မတီထံက သိရပါတယ်။
ညောင်ဦးခရိုင်စီမံခန့်ခွဲမှုကော်မတီက တာဝန်ရှိသူ တဦးက “ညဘက် လာခိုးမှာကြောက်လို့ ကွန်ကရစ် လောင်းလိုက်တာ ခွင့်ပြုမိန့်ကျရင် ပြန်လုပ်လုပ်လို့ရအောင်ပဲ ပိတ်လိုက်တာ”လို့ ပြောပါတယ်။
ရေနံမှော်ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီပါအဝင် တာဝန်ရှိအဖွဲ့စုံ အင်အား ၈၀ လောက်နဲ့ ကွင်းဆင်းခဲ့ပြီး ဖြုတ်သိမ်းထားခြင်းမရှိတဲ့ ရေနံလက်ယက်တွင်းသုံး သံပိုက်တွေကို သိမ်းဆည်းခဲ့ပြီး တူးဖော်ထားတဲ့ရေနံလက်ယက်တွင်း ၁၁၀ လောက်ကိုလည်း ဘိလပ်မြေကွန်ကရစ်လောင်းပိတ်ဆို့ခဲ့ ပါတယ်။
ညောင်ဦးမြို့နယ်၊ တက်မကျေးရွာ ညောင်ပင်သာကွင်း ကွင်းအမှတ် ၁၇၇၉နဲ့ တောင်ဖီးလေးကျေးရွာရှိ အလယ်ရွာကွင်း ကွင်းအမှတ် ၁၈၀၈၊ ကျောက်တန်းကွင်း ကွင်းအမှတ် ၁၈၀၅ တို့မှာ ကုမ္ပဏီနှစ်ခု၊ ဒေသခံ ကျေးရွာသားတွေနဲ့ တခြားမြို့က လုပ်ငန်းရှင်တွေက ရေနံလက်ယက်တွင်း ၁၅၀ ကျော် တူးဖော်ထားပြီး တရားဝင်လုပ်ကိုင်ခွင့်ရဖို့ မန္တလေးတိုင်း အစိုးရထံသို့ လျှောက်ထားပါတယ်။
ရေနံမှော်ကို ပိတ်လိုက်ပါက စားဝတ်နေရေးအခက်အခဲရှိတဲ့အတွက် လျှောက်ထားမှုတွေကို တိုင်းဒေသကြီးအစိုးရအနေနဲ့ အမြန်ချပေးစေလိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း- ကိုလင်း(ချောက်)