
Lead Story နိုင်ငံတကာ သတင်း သဘာဝပတ်ဝန်းကျင်/ရာသီဥတု
ရာသီဥတုအရေး လှုပ်ရှားသူ ဂရီတာသန်းဘတ် စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ ရွက်လွှင့်မည်

Email This Story :
ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ဆွီဒင်ဆယ်ကျော်သက် ကျောင်းသူလေး ဂရီတာသန်းဘတ်ဟာ အတ္တလန္တိတ်သမုဒ္ဒရာမှာ ရွက်လွှင့်ပြီး စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ခရီးနှင်ဖို့ နိုဝင်ဘာ ၁၂ ရက်နေ့က ကြိုတင်ပြင်ဆင်နေပါတယ်။
မက်ဒရစ်မြို့မှာ ကုလသမဂ္ဂဆိုင်ရာ ရာသီဥတုအရေး ညီလာခံ (COP25)ကို ဒီဇင်ဘာ ၂ ရက်ကနေ ၁၃ ရက်အထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
ဂရီတာသန်းဘတ်ရဲ့ လူမှုမီဒီယာအကောင့်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံထဲမှာတော့ သူဟာ ရွက်လှေတစီးပေါ်မှာ တခြားလူတွေနဲ့အတူ ထိုင်နေတာကို တွေ့ရပါတယ်။
ခရီးစဉ်အရ သန်းဘတ်ဟာ နိုဝင်ဘာ ၁၃ ရက် မနက်အစောပိုင်းမှာ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ဟမ်ပ်တွန်မြို့ကနေ စတင်ထွက်ခွာမှာ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှုကို လျင်လျင်မြန်မြန် ဖြေရှင်းကြဖို့ အသိပေး လှုံ့ဆော်တဲ့အနေနဲ့ သန်းဘတ်ဟာ အခုနှစ် သြဂုတ်လကလည်း ကာဗွန်ဓာတ်ငွေ့ကင်းတဲ့ ရွက်လှေတစင်းနဲ့ အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ရွက်လွှင့်ခဲ့ပြီး နယူးယောက်မြို့ကို ခရီးနှင်ခဲ့ပါသေးတယ်။
အသက် ၁၆ နှစ်အရွယ် သန်းဘတ်ဟာ ၂၀၁၈ ခုနှစ် သြဂုတ်လကစလို့ သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ရာသီဥတု ပြောင်းလဲမှုကို အရေးယူ ဆောင်ရွက်ပေးဖို့ ဆွီဒင်လွှတ်တော်ရှေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သူ့ရဲ့ Friday For Future လှုပ်ရှားမှုက တကမ္ဘာလုံး အတိုင်းအတာအထိ ရိုက်ခတ်ခဲ့ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် အဆိုပြုခံခဲ့ရပါတယ်။