
ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ထာဝရနှောင်ကြိုးရုပ်ရှင်ကားထဲက ဇာတ်ဝင်သီချင်းနဲ့ တေးဂီတဖန်တီးမှုတွေပါဝင်တဲ့ Original Soundtrack အယ်လ်ဘမ်ကို နိုဝင် ဘာလ ၁၅ ရက်နေ့မှာ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။
ဒီအယ်လ်ဘမ်ကိုတော့ Bo Bo Music Production ကနေ ဖြန့်ချိသွားမှာဖြစ်ပြီး အမြဲတမ်း၊ In your Eyes၊ ကယ်တင်ရှင်၊ လူယောင်ဆောင်၊ ဖြတ်လိုက်တော့၊ Putao၊ Mother၊ Now & Ever Theme Music၊ ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်(အချစ်ကြောင့်)စတဲ့ Track ၉ ပုဒ် ပါဝင်ပါတယ်။
ထာဝရနှောင်ကြိုးရုပ်ရှင်ကိုတော့ Central Base Productions က စီစဉ်ပြီး လူငယ် အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ခရစ္စတီးနားခီက တတိယမြောက်ရုပ်ရှင်ကားအနေနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ တော့ ပရိသတ်အချစ်တော် မင်းသား ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ ခေါင်းဆောင်ပါဝင်ထားကြ တာဖြစ်ပြီး တခြားသရုပ်ဆောင်တွေအနေနဲ့ မင်းညို၊ ရဲနောင်ချို၊ ဂျူးဂျူးကေနဲ့ ကလေး သရုပ်ဆောင် ဇူးဇူးဟန်နီထွေးတို့ကလည်း ပါဝင်ထားကြတာပါ။
ဒီရုပ်ရှင်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဇာတ်ကားထဲမှာ ပါဝင်အသုံးပြုထားတဲ့ ဂီတပိုင်းကိုတော့ ဇဏ်ခီက တာဝန်ယူထားတာဖြစ်ပါတယ်။
နိုင်ငံတကာမှာ ရုပ်ရှင်ထူးချွန်ဆုတွေရရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့ မုဒြာရဲ့ခေါ်သံ၊ ပရိသတ်တွေကြား ပွဲဆူစေခဲ့တဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကားတွေနဲ့ ပရိသတ်အားပေးလက်ခံ မှုရရှိထားတဲ့ ခရစ္စတီးနားခီရဲ့ တတိယမြောက်ရုပ်ရှင်ကားကရော ဘယ်လိုထွက်ရှိလာမလဲ၊ မီရုပ်ရှင်ကားနဲ့တင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အကယ်ဒမီဆုရှင် ပိုင်ဖြိုးသုနဲ့ ခီမောင်နှံရဲ့ ပူးပေါင်းဖန်တီးမှုက ဘယ်လိုတွေ ဖြစ်လာလိမ့်မလဲဆိုတာကိုလည်း ပရိသတ်တွေက ရုံမတင်ခင်ကတည်းက စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအယ်လ်ဘမ်ကို ဘယ်လောက်နဲ့ ရောင်းချမယ်ဆိုတာကိုတော့ ဖော်ပြမထားပဲ အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ ဖုန်းနံပါတ် - ၀၁ ၂၀၅၉၀၅၊ ၀၁ ၂၀၁၁၅၀ တွေကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်တယ်လို့ Bo Bo Music Production က သူတို့ရဲ့ ဖေ့စ်ဘွတ် ခ်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။
ဇဏ်ခီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကိုယ်တိုင်သိရှိသွားမှုအမည်နဲ့ အက် ဆေးစာအုပ်တအုပ်ထွက်ရှိထားခဲ့ပြီးဖြစ်ကာ တတိယအကြိမ်ထိ ရိုက်နှိပ်ရတဲ့ ရောင်းအား ကောင်းတဲ့ စာအုပ်တအုပ်ဖြစ်ခဲ့ပါတယ်။










