ကျုံဒိုးဗုံးပေါက်ကွဲမှုအတွင်း သေဆုံးဒဏ်ရာရသူများအတွက် ထောက်ပံ့ကြေးပေးအပ်
DVB
·
November 13, 2019
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့မှာ တန်ဆောင်မုန်းလပြည့်ညက ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ သေဆုံးဒဏ်ရာရခဲ့ကြသူတွေအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ဗုံးပေါက်ကွဲမှုမှာ သေဆုံးသွားသူ တယောက်စီကို ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် ၃ သိန်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက ငွေကျပ် ၃ သိန်း စုစုပေါင်း ငွေကျပ် ၆ သိန်းစီနဲ့ သေဆုံးသူ ၄ ယောက်အတွက် စုစုပေါင်း ငွေကျပ် ၂၄ သိန်းထောက်ပံ့ကြေးပေးအပ်ခဲ့တာပါ။
အလားတူ ဒဏ်ရာရရှိသူ ၇ ယောက်အတွက်လည်း ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက တဦးကို ငွေကျပ် ၅၀,၀၀၀ နှုန်းနဲ့ ထောက်ပံ့ငွေကျပ် စုစုပေါင်း ကျပ် ၃၅၀,၀၀၀ ကို တာဝန်ရှိသူတွေက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက်ည ၈ နာရီခွဲလောက်က ကျုံဒိုးမြို့မှာ တန်ဆောင်တိုင်ပွဲတော်လုံခြုံရေး ကင်းလှည့်နေတဲ့ ရဲကားနောက်ခန်းထဲကို ဆိုင်ကယ်စီးလာသူ တဦးက ဗုံးပစ်သွင်းခဲ့တာကြောင့် ဗုံးပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အရပ်သား ၂ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရသွားခဲ့တာပါ။
ဗုံးခွဲတရားခံကိုတော့ ဒီကနေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေတဲ့ အတွက် တရားခံကိုဖမ်းဆီးရမိဖို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။
ဓာတ်ပုံ-MOI