ဘူးသီးတောင်-မောင်တောကားလမ်းတွင် တပ်မတော်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
November 12, 2019
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ၅ မိုင်ခန့်အကွာ ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ဒီနေ့မွန်းလွဲ ၁ နာရီလောက် တပ်မတော်စစ်ကြောင်းတခု မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦး က အတည်ပြုပြောပါတယ်။
"မောင်တောဘူးတောင်လမ်း မောင်တောမြို့အထွက် ၅ မိုင်မှာ မိုင်းခွဲခံရတာရှိတယ်။ ထိခိုက်မှုတော့ မရှိဘူး။ ရသေ့တောင်ဘက်မှာတော့ မိုင်းကွဲတာ မရှိပါဘူး။ ထိတွေ့ တိုက်ပွဲလည်း မရှိပါဘူး”။
ကားနှစ်စီးနဲ့ ခြေလျှင်သွားနေတဲ့ စစ်ကြောင်းတခု မိုင်းဆွဲခံရတာဖြစ်ပြီး ၄ ဦးလောက် ဒဏ်ရာ အနည်းငယ်ရတာ တွေ့ခဲ့ရတယ်လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။
"လမ်းကတော့ မပိတ်ပါဘူး။ စစ်ကား နှစ်စီးနဲ့ စစ်သားတွေတော့ တွေ့ခဲ့ပါတယ်။ ဓာတ်ပုံတော့ မရိုက်ဝံ့ပါဘူး ကြောက်လို့။ ဒဏ်ရာရသူ ၄ ယောက်လောက်တော့ တွေ့ခဲ့တယ်။”
မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ "မိုင်းဆွဲခံရတာတော့ ကြားပါတယ်။ မောင်တောတန်ဆောင်တိုင်ပွဲအထိတော့ မိုင်းခွဲတာတွေ လုပ်မယ်လို့တော့ မထင်ပါဘူး" လို့ ပြောကြားပါတယ်။
ရသေ့တောင်မြို့နယ် ကုန်တန်းနဲ့ သာစည်ကုန်းကြားမှာလည်း ဒီနေ့ နိုဝင်ဘာလ ၁၂ ရက် မနက်အစောပိုင်း ၅ နာရီလောက်က မိုင်းတလုံးပေါက်ကွဲပြီးနောက် အပြန်အလှန်တိုက်ပွဲငယ် နာရီဝက်လောက်ဖြစ်ပွားခဲ့ပြီး သာစည်ကုန်းကျေးရွာကို တပ်မတော်က ဝင်ရောက်စစ်ဆေး နေတယ်လို့ သိရပါတယ်။
ကောင်းကောင်း