DVB Logo
Home
မြန်မာသတင်း
အိုအိုင်စီနိုင်ငံများက မြန်မာကို နိုင်ငံတကာတရားရုံး (ICJ)တွင် တရားစွဲ 
DVB
·
November 12, 2019
အိုအိုင်စီနိုင်ငံများက မြန်မာကို နိုင်ငံတကာတရားရုံး (ICJ)တွင် တရားစွဲ 
Donate to DVB

လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးအပြစ်ပေးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို အာဖရိကအနောက်ပိုင်းရှိ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)မှာ  နိုဝင်ဘာလ ၁၁ ရက်က တရားစွဲလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲပြီး အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)အဖွဲ့ဝင် ၅၇ နိုင်ငံရဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက အမှုစွဲချက်တင်လိုက်တာဖြစ်ပါတယ်။

အထူးသဖြင့် ၂၀၁၆ အောက်တိုဘာလကစပြီး မြန်မာတပ်မတော်နဲ့ တခြားလုံခြုံရေး တပ်ဖွဲ့တွေက ရိုဟင်ဂျာအုပ်စုတွေကို နယ်မြေရှင်းလင်းတဲ့စစ်ဆင်ရေးကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ လုပ်ဆောင်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံက အိုင်စီဂျေတရားရုံးကို လျှောက်ထားတဲ့စာမှာ ဖော်ပြပါတယ်။

ဒီလိုနယ်မြေရှင်းလင်းရာမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်တဲ့လုပ်ဆောင်ချက်တွေအဖြစ်  ရိုဟင်ဂျာအုပ်စုတခုလုံးကို ဒါမှမဟုတ် တစိတ်တပိုင်းကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊  မုဒိမ်းကျင့်တာနဲ့ တခြားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ လုပ်ဆောင်တာ၊ ရွာတွေကို မီးရှို့ ဖျက်ဆီးတာ၊ မီးလောင်တိုက်သွင်းတာတွေ ကျူးလွန်ခဲ့တယ်လို့လည်း စွပ်စွဲဖော်ပြထားပါတယ်၊

ဒါ့အပြင်၂၀၁၇ ဩဂုတ်လကစပြီးလည်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ ပြန်စခဲ့ပြီး အလားတူ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တယ်လို့ လည်း စွပ်စွဲ ထားပါတယ်။

လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကိုတားဆီးပိတ်ပင်တဲ့ ဂျနီဗာသဘောတူညီချက်ကို မြန်မာနိုင်ငံအနေနဲ့ ဖောက်ဖျက်မှုရှိသလား၊ မရှိသလားဆိုတာကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာရှိတဲ့ အိုင်စီဂျေတရားရုံးအနေနဲ့  စီရင်ဆုံးဖြတ်ကြေညာရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ သက်သေအထောက်အထားတွေကို ဖျောက်ဖျက်မပစ်ဖို့နဲ့ မြန်မာနဲ့ ဂမ်ဘီယာနိုင်ငံအနေနဲ့ တရားရုံးကို အစီရင်ခံစာတစောင်စီ ၄ လထက် နောက်မကျစေဘဲ တင်သွင်းဖို့လည်း အိုင်စီဂျေ တရားရုံးက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအပေါ် ခုလို တရားစွဲလိုက်တာကို ကနေဒါနိုင်ငံက လည်း ထောက်ခံတဲ့အကြောင်းနဲ့ ဒီလုပ်ဆောင်ချက်ကြောင့် လူအစုလိုက်သတ်ဖြတ်မှုတွေ၊ ခွဲခြားဆက်ဆံမှု၊ အမုန်းတရားပြောဆိုမှု၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျားမအခြေခံတဲ့ အကြမ်းဖက်မှုတွေအပါအဝင် လူမျိုးသုဉ်းသတ်ဖြတ်မှုတွေအတွက တာဝန်ယူတာဝန်ခံမှုရှိလာစေမယ်လို့ ကနေဒါနိုင်ငံခြားရေး ဝန်ကြီးက ကြေညာချက်ထုတ်ပြန်ပြောပါတယ်။ 

ခုလိုတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ တပ်မတော်ဘက်တော့ တရားဝင် ပြန်လည် တုံ့ပြန်တာမရှိသေးပါဘူး။  

ရခိုင်ပြည်နယ်ထဲမှာ အကြမ်းဖက်ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေပြီး မြန်မာထိပ်တန်း အရာရှိတွေကို နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး (အိုင်စီစီ)ကိုတင်ဖို့ မြန်မာနို်ငငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်ပြီးနောက်မှာ ခုလို တရားစွဲဆိုမှု ပေါ်ပေါက်လာတာပါ။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်ပွားအပြီးမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းခဲ့တာကို အကြောင်းပြုပြီး လူပေါင်း ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ခွာသွားရောက် ခိုလှုံနေခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လူမျိုးစုအလိုက်ရှင်းလင်းသုတ်သင် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ အိုအိုင်စီအပါအဝင် အနောက် နိုင်ငံတွေက စွပ်စွဲနေကြတာဖြစ်ပါတယ်။

မြန်မာအစိုးရကတော့  ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လုံးဝလက်ခံခြင်းမရှိသလို လူမျိုးသုဉ်း သတ်ဖြတ်မှုစွပ်စွဲချက်ကိုလည်း အစဉ်တစိုက်ပယ်ချထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013